ဆီးဒေါ့ဖ်နဲ့ ကစားပေါက် ဆင်ပြီး ဘောလုံး လောကရဲ့ ရှားပါး အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့ မန်ယူ ကွင်းလယ် ကြယ်ပွင့်လေး မိုင်နူး
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ရီယို ဖာဒီနန် ကတော့ ဒီရာသီမှာ မန်ယူအသင်းနဲ့အတူ တောက်ပနေတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ကိုဘီ မိုင်နူးဟာ အေစီမီလန်နဲ့ နယ်သာလန်တို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဆီးဒေါ့ဖ်နဲ့ ကစားပုံဆင်ကြောင်း ခိုင်းနှိုင်း ချီးကျူးသွားခဲ့ပါတယ်။
အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် ကွင်းလယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပါတယ်။

သူက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားနိုင်ပါတယ်။
တဖက်မှာတော့ နယ်သာလန် ဂန္တဝင် ကွင်းလယ်လူ ဆီးဒေါ့ဖ်က ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်၊ အေစီမီလန် စတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူဟောင်း ဖြစ်ပြီး ဆီးဒေါ့ဖ်က ချန်ပီယံလိဂ် ဆုဖလားကို ၅ကြိမ်တိတိ ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့ဘောလုံး သမိုင်းမှာ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။
ယူနိုက်တက် လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက ဗဟိုကွင်းလယ်နေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် လုပ်အားနှုန်း ကောင်းမွန်သလို ဘောလုံးအဖျက်ပိုင်းရော၊ အခွင့်အရေး ဖန်တီးမှု အပိုင်းမှာပါ ထူးချွန်တာကြောင့် ဒီနေ့ခေတ် ဘောလုံးလောကမှာ ရှားပါးနေတဲ့ Box To Box ကွင်းလယ်လူ တဦး ဖြစ်လာဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။
ရီယို ဖာဒီနန်ကလည်း မိုင်နူးရဲ့ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို သတိထားမိနေပြီး မိုင်နူးဟာ အကောင်းဆုံး Box To Box ကွင်းလယ်လူ ဖြစ်ခဲ့တဲ့ ဆီးဒေါ့ဖ်နဲ့ ကစားပုံ ဆင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ခိုင်းနှိုင်း ချီးကျူးသွားခဲ့ပါတယ်။
ဖာဒီနန်က – “မိုင်နူးဟာ ဆီးဒေါ့ဖ်နဲ့ ကစားပုံ ဆင်တယ်လို့ သုံးသပ်ချင်ပါတယ်။ ဒါက သူ့ရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့ အမြင်ပါ။
ကျွန်တော်က မိုင်နူးဟာ ဆီးဒေါ့ဖ်လောက် ကောင်းလာလိမ့်မယ်လို့ မပြောချင်သလို မိုင်နူးဟာ ဆီးဒေါ့ဖ်လက်သစ်ပဲလို့ မပြောချင်ပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်မှာ တူညီတဲ့ အရည်အသွေးတွေ ရှိနေတာကိုတော့ သတိပြုမိပါတယ်” လို့ ပြောကာ မိုင်နူးကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။