ထရိန်နင် ပြန်ဆင်းနေတဲ့ လူကာကူ၊ U21 ပြန်မဆင်းတဲ့ အိုဒွိုင်းနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

စပိန် AS သတင်းဌာန အဆိုအရ အက်သလက်တီကို မက်ဒရစ်ဟာ ရာသီဝက်မှာ ဆောနီဂွက်ဇ်ကို ပြန်ခေါ်ထားဖို့ က လစာ မပေးနိုင်တာကြောင့် ချဲလ်ဆီးက အငှား စာချုပ်ဖျက်ပြီး ပြန်လွှတ်မှာကို လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန် နည်းပြ ဘာဟတ်တာက တိုက်စစ် ကစားသမား ပူလီဆစ်အနေနဲ့ ဂျမေကာနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာ သေးဘဲ သူ့ အနေအထားကို စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း၊ ပူလီဆစ်အနေနဲ့ မိနစ် ၉၀ ပြည့် ကစားနိုင်တဲ့ အနေအထားမှာ မရှိသေးကြောင်း ဆိုခဲ့ပါတယ်။

ဘာစီလိုနာနည်းပြသစ် ဇာဗီအနေနဲ့ ချဲလ်ဆီး အသင်းခေါင်းဆောင် အက်ပီကျူတာကို ခေါ်ယူလိုနေပါတယ်။ အက်ပီကွီတာရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးနဲ့ သက်တမ်းမတိုးခဲ့ရင် အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

ချဲလ်ဆီး အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ် ကွင်းလယ်လူ ရာဘီရော့ဖ်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေကြောင်း သိရပါတယ်။ ဂျူဗင်တပ်အနေနဲ့ ရာဘီရော့ဖ်ကို ရောင်းထုတ်သွားဖို့ စီစဉ်နေတာပါ။

ချဲလ်ဆီး တိုက်စစ်မှုး လူကာကူတော့ လေ့ကျင့်ရေးကွင်းမှာ ပြန် လေ့ကျင့်နေတာ တွေ့ရပါတယ်။ အသင်းရဲ့ ထရိန်နင်တွေ မှာ ဘယ်လ်ဂျီယံသား ဘယ်လောက်ထိ ပါဝင်နိုင်ပြီလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လူကာကူ က အောက်တိုဘာ ၂၀ ရက်နေ့က မယ်လ်မိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ရခဲ့တာပါ။

ချဲလ်ဆီး နံပါတ် တစ် ဂိုးသမား မန်ဒီက အသင်းမှာ အရန် ဖြစ်နေတဲ့ ဂိုးသမား ကီပါနဲ့ ဆက်ဆံရေးက ကောင်းမွန် သလို တတိယ ဂိုးသမား ဖြစ်တဲ့ မားကပ်စ် ဘတ်တင်နယ်လီနဲ့ပါ အဆင်ပြေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဂိုးသမားတွေ ဟာ အသင်းမှာ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုသာ ရှိတယ်လို့ မန်ဒီက ဆိုပါတယ်။

အင်္ဂလန်ယူ-၂၁ မှာ မကစားတဲ့ ချဲလ်ဆီး တောင်ပံကစားသမား အိုဒွိုင်းရဲ့ဆုံးဖြတ်ချက်ကို အာဆင်နယ် ကစားသမား ဟောင်း အီယန်ရိုက်က ထောက်ခံခဲ့ပါတယ်။

”အိုဒွိုင်းလို လက်ရွေးစင်မှာ ရွေးချယ်ခံရပြီးသား ကစားသမားအနေနဲ့ ဘာကြောင့်ယူ-၂၁ အသင်းမှာ ကစားရမှာလဲ”လို့ အီယန်ရိုက်က ပြောဆိုခဲ့တာပါ။

ချဲလ်ဆီး လူငယ် ကစားသမားလေး ဂလဲဟားဟာ ညက အင်္ဂလန်အသင်းရဲ့ ဆမ်မာရီနိုနဲ့ ပွဲမှာ လက်ရွေးစင်အသင်းနဲ့ အတူ ပထမဆုံး ပါဝင် ပွဲထွက်ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။ ထိုပွဲမှာ အင်္ဂလန်က ၁ဝ-ဝ နဲ့ အနိုင်ရရှိခဲ့ပြီး ဂလဲဟားလည်း ခြေစွမ်းပြခဲ့ပါတယ်။