သရဲနီ တက်သစ်စ ကြယ်ပွင့်လေး မိုင်နူး ကို ဂန္တဝင်ကြီးတွေ ဖြစ်တဲ့ ဂစ်၊ ပေါစခိုးလ်၊ နဗီးလ် တို့နဲ့ပါ နှိုင်းယှဉ် ချီးကျူးမှု ထွက်လာ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် လူငယ်ကြယ်ပွင့် ကော့ဘီ မိုင်နူးကို သရဲနီ ဂန္ထဝင်ကြီးတွေ ဖြစ်တဲ့ ပေါစခိုးလ်၊ ဂစ်နဲ့ ဂယ်ရီနဗီးလ်တို့နဲ့ နှိုင်းယှဉ် ချီးကျူးမှုပါ ထွက်လာပါတယ်။

မိုင်နူးဟာ ဝုဗ်နဲ့ ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲမှာ မန်ယူအတွက် နောက်ကျအနိုင်ဂိုးကို တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူပေးခဲ့တာပါ။

အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ဒီ့မတိုင်ခင် နယူးပို့တ်နဲ့ပွဲမှာလည်း စီနီယာ ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

အခုဆို မိုင်နူးဟာ မန်ယူအသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရလာပြီး ပရီးမီးယားလိဂ်မှာဆို ကစားခွင့်ရတာ ၉ ပွဲ ရှိသွားပါပြီ။

အဲဒါကြောင့်လည်း မန်ယူ တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က မိုင်နူးကို အမွှန်းတင် ချီးကျူးပြီး အသင်း ဂန္တဝင်ကြီးတွေ ငယ်စဉ်က ပုံစံနဲ့ပါ နှိုင်းယှဉ်သွားတာပါ။

”ဝုဗ်နဲ့ပွဲမှာ သူသွင်းခဲ့တဲ့ဂိုးက အတော်ကောင်းပါတယ်။ အဲဒါက အသက်အရွယ်ထက် သူရင့်ကျက်နေပြီဆိုတာကို ပြခဲ့တာပါ။

ပွဲရဲ့နောက်ဆုံးမိနစ်မှာ တစ်ခုခုပြောင်းလဲနိုင်အောင် ကြိုးစားရဲတဲ့သတ္တိ သူ့မှာရှိပါတယ်။ အဲဒါက စပယ်ရှယ် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့တာပါ။

မိုင်နူးဟာ စပယ်ရှယ် ပလေယာ တစ်ယောက်ပါ။ ကျွန်တော်တို့ဟာ ၁၈ နှစ်အရွယ်တိုင်းကို အဲဒီလိုကစားခွင့်ပြုနိုင်ရပါမယ်။ မိုင်နူးကိုပဲ ကြည့်လေ။ အဲဒါဟာ ကျွန်တော့်မြင်ချင်တဲ့ဟာပါ။

ပေါစခိုးလ်၊ ဂစ်နဲ့ ဂယ်ရီနဗီးလ်တို့လို ကစားသမားတွေဟာ အရမ်းကို ငယ်ရွယ်သေးချိန်မှာပဲ အရမ်းကို ရင့်ကျက်ခဲ့ကြတာပါ။

အခု မိုင်နူးဆိုလည်း ဒီလိုယုံကြည်မှုမျိုးနဲ့ ပွဲကစားတာကို တွေ့မြင်နိုင်ပါတယ်။ သူက တည်ငြိမ်သလို ဘယ်လိုကစားရမယ်ဆိုတာကိုလည်း သိတယ်။ သူက အရမ်းငယ်သေးလို့ ပိုကောင်းလာမယ်လို့ ကျွန်တော်တို့အားလုံး မျှော်လင့်ပါတယ်”လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

မိုင်နူးဟာ မန်ယူအတွက် ပွဲအနည်းငယ်ပဲရှိသေးပေမယ့် တန်ဟက်အတွက် အရေးပါဆုံး ကစားသမားတွေထဲက တစ်ယောက် အဖြစ်ကို လျင်လျင်မြန်မြန် ရောက်ရှိလာတာပါ။