ဒီဂီယာ အတွက် စာချုပ်သစ်၊ မတည်တဲ့ ကတိတွေ ပေးတဲ့ ဆိုးရှားနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဂိုးသမား ဒီဂီယာကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက် လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ စပိန်လက်ရွေးစင် ဂိုးသမာရဲ့ စာချုပ်ဟာ အိုးထရက်ဒ်ဖို့မှာ ၂ နှစ် ကျန်သေးပြီး မန်ယူက ၎င်းကို ရေရှည် ထိန်းသိမ်းလိုနေတာပါ။

ဒန်နီမေးလ်ကတော့ မန်ယူနည်းပြဆိုးလ်ရှားအနေနဲ့ နောက်ခံလူ ဝမ် ဘစ်ဆာကာနဲ့ ပတ်သက်ပြီး သုံးစွဲပုံ မှားယွင်း နေကြောင်း ဘစ်ဆာကာ ဟာ ခံစစ် အားသန်ပြီး တစ်ဦးချင်း ဟန့်တားမှုတွေ အားသန်သူဖြစ်ပေမဲ့ ဆိုးလ်ရှားကတော့ တိုက်စစ်ကို ပို လိုက်ပါစေနေကြောင်း ဝေဖန်ခဲ့ပါတယ်။

အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံးနောက်ခံလူဖြစ်လာခဲ့တဲ့ မက်ဂွဲရားကို ချဲလ်ဆီး ဂန္ထဝင်နောက်ခံလူ ဂျွန်တယ်ရီက ချီကျူး ခဲ့ပါတယ်။ မက်ဂွဲရားအနေနဲ့ မန်ယူမှာ ရုန်းကန်နေရပေမဲ့ အင်္ဂလန်အတွက် ကစားခဲ့တဲ့၂ ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူ ကစားသမားတွေဟာ နည်းပြဆိုးလ်ရှားအနေနဲ့ ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး မတည်နိုင်တဲ့ ကတိတွေ ပေးတဲ့အပေါ် မကျေမနပ်ဖြစ် နေကြပါတယ်။ ဆိုးလ်ရှားအနေနဲ့ ဗန်ဒီဘိခ်၊ လင်ဂတ်၊ ဟန်ဒါဆန်နဲ့ ဘိုင်လီတို့ကို အသင်းမှာ ဆက် ထိန်းနိုင်ဖို့ ပွဲထွက်ခွင့် အာမခံချက်တွေ ပေးခဲ့ပေမယ့် လက်တွေ့မှာတော့ နေရာပေးနိုင်ခြင်း မရှိပါဘူး။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ် ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အသင်းတွေထဲမှာ ဝုဗ် အသင်း လည်း ပါဝင်လာခဲ့ပါပြီ။ ဗန်ဒီဘိခ် ဟာ မန်ယူမှာ ပွဲထွက် နေရာပျောက်ဆုံးပြီးနောက် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ စီစဉ်နေပါတယ်။

နာမည်ကျော် မန်ချက်စတာယူနိုက်တက်ပရိသတ်ဖြစ်တဲ့ အူစိန်ဘော့က မန်ယူအနေနဲ့ ဆိုးလ်ရှားရဲ့ နေရာမှာ စပါးကို ရောက်ရှိသွားတဲ့ ကွန်တီနဲ့ အစားထိုး ခန့်သင့်တာဖြစ်ကြောင်း၊ ကွန်တီဟာ ရောက်တဲ့ အသင်းတိုင်းမှာ ဆုဖလား အောင်မြင်မှုတွေ ယူနိုင်ခဲ့ပြီး အသင်းတည်ဆောက်ပုံလည်း ကောင်းမွန်မှုရှိကြောင်း ဆိုခဲ့ပါတယ်။

မန်ယူက ကွင်းလယ်လူ လင်ဂတ်ကို ပေါင် ၁၀ သန်းရရင်ပဲ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ မန်ယူအနေနဲ့ အသင်းမှာ နေရာ မရဖြစ်နေတဲ့ လင်ဂတ်ကို ဇန်နဝါရီဈေးကွက်မှာပဲ ထုတ်ရောင်းသွားမှာဖြစ်ပြီး သူ့ကို နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့က ပစ်မှတ်ထားနေကြပါတယ်။

ဆားဘီးယားကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးနောက် ပေါ်တူဂီ တိုက်စစ်မူှး စီရော်နယ်ဒိုအနေနဲ့ နည်းပြဆန်တိုစ်အပေါ် မကျေနပ်တဲ့ အပြုအမူမျိုး ပြသခဲ့ပါတယ်။ ပွဲအပြီးမှာ ဆန်တိုစ် အနေနဲ့ စီရော်နယ်ဒိုထံ နှုတ်ဆက်ဖို့ သွားခဲ့ပေမဲ့ စီရော်နယ်ဒိုက လက်မခံခဲ့ဘဲ သူ့ဒေါသနဲ့သူ ဖြစ်နေခဲ့တာပါ။