အံ့အားသင့်ဖွယ် လုပ်ခလစာနဲ့ ကစားဖို့ တောင်ကိုရီးယားကလပ် FC Seoul နဲ့ လက်တွဲလိုက်ပြီ ဖြစ်တဲ့ သရဲနီဟောင်း လင်ဂတ်
သရဲနီဟောင်း ဂျက်စီ လင်ဂတ်ဟာ တောင်ကိုရီးယားကလပ် FC Seoul မှာ အံ့အားသင့်ဖွယ် လုပ်ခ နဲ့ ကစားသွားမှာ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိ မန်ချက်စတာ ယူနိုက်တက် စတားဟောင်းဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ကလပ်အသင်း လက်မဲ့ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

သူဟာ နော်တင်ဟမ်ဖောရက်စ်တွင် တစ်နှစ်ကြာ ကစားပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပြီး ဝက်စ်ဟမ်း၊ ဆော်ဒီကလပ် Al-Ettifaq တို့တွင် လေ့ကျင့်ခန်းဆင်းခဲ့ပေမဲ့လည်း စာချုပ်ချုပ်ဆိုခြင်း မခံခဲ့ရပါဘူး။
လင်ဂတ်ဟာ အဲဗာတန်ရဲ့ ဆက်သွယ်ခြင်းခံခဲ့ရသလို ဘာစီလိုနာထံ ကိုယ်တိုင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမဲ့လည်း မဖြစ်မြောက်လာခဲ့ပါဘူး။
ဒါပေမဲ့ သူဟာ နောက်ဆုံး တောင်ကိုရီးယားကလပ် FC Seoul သို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းခဲ့ပါတယ်။
သူဟာ တောင်ကိုရီးယားသို့ ရောက်လာချိန်မှာ လေဆိပ်တွင် ပရိသတ်များရဲ့ ဝိုင်းဝန်ကြိုဆိုခြင်းခံခဲ့ရသလို ရယ်စရာကောင်းတာကတော့ ပုလွေတစ်ချောင်းလည်း လက်ဆောင်ရခဲ့ပါသေးတယ်။
ယခုအခါမှာတော့ ဂျက်စီလင်ဂတ်ရဲ့ FC Seoul စာချုပ်နှင့်ပတ်သက်ပြီး အချက်အလက် ပေါက်ကြားလာပါတယ်။
သူဟာ FC Seoul နှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယား K-League ရဲ့ လုပ်ခအများဆုံးရ ကစားသမား ဖြစ်လာဖို့တော့ ရှိပါတယ်။
ဒါပေမဲ့ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခပေါင် တစ်သိန်း ရရှိခဲ့တဲ့ လင်ဂတ်ရဲ့ FC Seoul မှာ ရရှိတဲ့ လုပ်ခက တကယ့်ကို အံ့အားသင့် တုန်လှုပ်စရာ ဖြစ်နေတာ အမှန်ပါ။
Korea JoongAng Daily ရဲ့ ဖော်ပြလာမှုအရ ဂျက်စီလင်ဂတ်ဟာ FC Seoul မှာ တစ်ပတ်လုပ်ခ ပေါင် ၁၇၅၀၀ သာ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် သူဟာ တစ်နှစ်လုပ်ခ ပေါင် ၉၁၀၀၀၀ ရရှိလာပါမယ်။
လင်ဂတ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တုန်းက အီတလီကလပ် လာဇီယိုအပါအဝင် ကမ္ဘာ့တလွှားမှ ကလပ်ပေါင်း ၂၇ ခုတို့ရဲ့ ကမ်းလှမ်းမှု ခံခဲ့ရပေမဲ့ တောင်ကိုရီးယားသို့ သွားကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။
FC Seoul ဟာ K-League ချန်ပီယံ ၆ ကြိမ် ဖြစ်ဖူးတဲ့အသင်း ဖြစ်ပြီး အာရှချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ၂ ကြိမ်တက်ရောက်ဖူးပါတယ်။
လင်ဂတ်ဟာ FC Seoul မှာ ဆွမ်စီးနှင့် နယူးကာဆယ်စတားဟောင်း ကီဆောင်ယန်းနှင့် တွဲကစားရပါမယ်။