အက်စတွန်ဗီလာရဲ့ အပိုင်ကွက် High Line ဗျူဟာ ကို မန်ချက်စတာ ယူနိုက်တက်တို့ ဒီည ဘယ်လို ဖြိုခွဲမလဲ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည ၁၁ နာရီမှာ ဗီလာပါ့ခ် သွားပြီး အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နည်းပြ အူနိုင်း အမ်မရီရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ အမြင့်ပျံနေတဲ့အသင်းဖြစ်ပြီး လက်ကျန်ပွဲတွေမှာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် စိန်ခေါ်ဖို့ ကြိုးစားနေတဲ့ အသင်း ပါ။

ဒီရာသီမှာ ဗီလာကို ခြုံကြည့်ရင် အမ်မရီတစ်ယောက် အဓိက ရွေးထားတဲ့ အချက်က ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ လုံအောင်လုပ်တဲ့ High Line ပုံစံကစားပြီးမှ တိုက်စစ်ကို စုဖွဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ အဓိက ခံစစ်သမားဖြစ်တဲ့ ပါအူတောရက်စ် မပါနိုင်တဲ့ အချိန်မျိုးမှာတောင် ဗီလာရဲ့ ခံစစ်တံတိုင်းဟာ ယိုင်နဲ့သွားတာမျိုး မရှိတာ တွေ့ရတယ်။ ဒါပေမဲ့ ဒီနေ့ ကစားတဲ့ ပွဲမှာတော့ စပိန်သား နောက်ခံလူ ပြန်ပါလာနိုင်ဖို့ ရှိတယ်လို့ သတင်းထွက်နေတဲ့အတွက် ဗီလာရဲ့ ခံစစ်ဟာ ပိုကောင်းလာဖို့သာရှိပြီး မန်ယူအတွက် တကယ့်ကို စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတော့မယ်။

လက်ရှိ မန်ယူအသင်းရဲ့ တိုက်စစ် မြားဦးကို ကြည့်တဲ့အခါ ရက်ရှ်ဖို့ဒ်၊ ဟွိုင်လန်း၊ ဂါနာချိုတို့ကို တွေ့ရပြီး ဒီကစားသမား ၃ ယောက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် တွေမှာလည်း နားလည်မှု ကောင်းကောင်း ရနေကြသူတွေပါ။

ဒါကြောင့် အခုလာမယ့် ဗီလာနဲ့ ပွဲမှာလည်း အသင်းခေါင်းဆောင် ဖာနန်ဒက်စ်၊ မင်နူးတို့ရဲ့ လုပ်အားနှုန်းတွေ့တစ်ဆင့် မန်ယူတိုက်စစ်မြားဦးမှာရှိနေတဲ့ ကစားသမားတွေဟာ နေရာလွတ်တွေ ရှာတွေ့နိုင် တယ်လို့ မျှော်လင့်ကြတာမျိုး ရှိပါတယ်။

ဒါပေမဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ဗီလာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲကို ပြန်ကြည့်မယ်ဆိုရင် ပထမပိုင်းမှာ အမ်မရီရဲ့အသင်းက ၂-၀ ဂိုးနဲ့ ဦး ဆောင်နိုင်ခဲ့တာပါ။ ဒုတိယပိုင်းကျမှ ဂါနာချိုနဲ့ ဟွိုင်လန်းတို့က ဂိုးတွေ ပြန်သွင်းခဲ့လို့ ဗီလာ တို့ ၃-၂ ဂိုးနဲ့ ရှုံးခဲ့ရတာဖြစ်ပါတယ်။

အခုကစားမယ့် ပွဲကတော့ ဗီလာပါ့ခ်ဖြစ်နေတဲ့အတွက် အမ်မရီရဲ့ အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးမှာဖြစ်သလို ခံစစ်ကလည်း ကျစ် ကျစ်လျစ်လျစ်နဲ့ ရှိနေမယ့် သဘောပါ။

တစ်ဖက်မှာ ယူနိုက်တက်ကလည်း ကစားသမား တွေအကုန်လုံးပြန်ပါနေပြီး အင်အားအပြည့်နဲ့ ရင်ဆိုင်မှာဖြစ်ပါတယ်။ ကြားရတဲ့ သတင်း တွေအရတော့ ဒီတစ်ပတ်ထဲ လုပ်ခဲ့တဲ့ ကာရင်တန် လေ့ကျင့်ရေးအစီအစဉ်တွေမှာ ဗီလာ ရဲ့ High Line ကစားတဲ့ ပုံစံကို ဖောက်ထွက်ဖို့အတွက် ယူနိုက်တက် ကစားသမားတွေ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ဒီလို လုပ်ဖို့အတွက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်နဲ့ မင်နူးတို့က ဘောလုံးလမ်းကြောင်းရှာပြီး ထိုးပေးတဲ့ ပုံစံကို သုံးဖို့ ကြိုးစားလာနိုင်တယ်လို့ လည်း ကျွမ်းကျင်သူတချို့က ပြောကြပါတယ်။

ဒါပေမဲ့ ဗီလာ က သီအိုရီအရ ပြီးပြည့်စုံတဲ့ အသင်းတစ်သင်းဖြစ်နေပြီး ယူနိုက်တက်အတွက် ပြိုင်ဘက်ကောင်း ဖြစ်နှင့် ပြီးသား ဖြစ်တာကြောင့် ဗီလာပါ့ခ်က အူနိုင်းအမ်မရီရဲ့ High Line ဗျူဟာ ကို မန်ယူ ဘယ်လို ရင်ဆိုင်မလဲဆိုတာ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်ပါတယ်။