မန်ယူ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို စတင် ရရှိနေပြီ ဖြစ်တဲ့ ဂိုးသမား အိုနာနာ
မနေ့ညက ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ ဗီလာနဲ့ မန်ချက်စတာ ယူနိုက်တ်က ပွဲ ဟာ ဂိုးသမား အိုနာနာ အတွက် မန်ယူကစားသမားဘဝမှာ အကောင်းဆုံးပွဲ ဖြစ်သွားခဲ့ပါတယ်။
အဲဒီပွဲမှာ ကင်မရွန်းဂိုးသမားသာ လက်စွမ်းပြကာကွယ်မှုတွေ မလုပ်နိုင်ရင် မန်ယူဟာ တစ်ဂိုးထက်မက ပေးခဲ့ရမှာပါ။

အထူးသဖြင့် အိုနာနာဟာ ပထမပိုင်းမှာ မန်ယူအတွက် အရေးပါတဲ့ကာကွယ်မှု ၂ ကြိမ်လုပ်နိုင်ခဲ့ပါတယ်။
ပထမတစ်ခုကတော့ ဗီလာဘက်က မက်ဂင်ရဲ့အားပြင်းလှတဲ့ ဧရိယာထိပ်ကန်ချက်ကို ပုတ်ထုတ်ကာကွယ်ခဲ့တာပါ။
ဒုတိယတစ်ခုကတော့ ဗီလာတိုက်စစ်မှုးဝက်ကင်ရဲ့အနီးကပ်ကန်ချက်ကို ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။
အိုနာနာဟာ အဲဒီပွဲမှာ ဂိုးပေါက်တည့်ကန်ချက် ၁၀ ကြိမ်နဲ့ ရင်ဆိုင်ရခဲ့ရပြီး အဲဒီထဲက ၈ ကြိမ်ကို ကွယ်နိုင်ခဲ့တာပါ။ အဲဒီ ၈ ကြိမ်ထဲမှာမှ box ထဲမှာ ရင်ဆိုင်ခဲ့ရတာက ၅ ကြိမ်ဖြစ်ပါတယ်။
ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အိုနာနာဟာ အာဖရိကဖလားက ပြန်လာပြီးကတည်းက မန်ယူမှာ လက်စွမ်း တည်ငြိမ်နေတာပါ။
အဲဒါကြောင့်လည်း မန်ယူအသင်းဝက်ဘ်ဆိုဒ်မှာ man of the match အတွက် ပရိသတ်တွေက မဲပေးတဲ့ အိုနာနာဟာ ၂၄ ရာခိုင်နှုန်းနဲ့ အများဆုံးရခဲ့ပါတယ်။
အဖွင့်ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှုး ဟွိုင်လန်းက ၁၈ ရာခိုင်နှုန်းနဲ့ ဒုတိယမဲအများဆုံးရခဲ့ပြီး မက်ဂွိုင်းယားကတော့ ၁၆ ရာခိုင်နှုန်းနဲ့ တတိယမဲအများဆုံးရခဲ့တာပါ။