မန်ယူ အတွက် ဒီရာသီ လက်တွေ့ကျတဲ့ ရည်မှန်းချက် ၂ ခုပဲ ရှိပြီး အာရုံစိုက်ကြဖို့ လုခ်ရှော အသင်းဖော်တွေအား တိုက်တွန်း
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောကတော့ ဒီရာသီ မန်ယူ အတွက် လက်တွေ့ကျတဲ့ ရည်မှန်းချက် ကို ထုတ်ဖော် ပြောဆိုလိုက်ပြီး အာရုံစိုက် အားထုတ်ကြဖို့ အသင်းဖော်တွေအား တိုက်တွန်းလိုက်ပါတယ်။
ရှောက မန်ယူနဲ့ အတူ ပြိုင်ပွဲအားလုံးမှာ ဖလားယူ၊ အောင်မြင်ချင်တာ ဖြစ်ပေမယ့် အခုနေမှာ ဖြစ်နိုင်တဲ့ ကိစ္စကိုပဲ တွေးကြဖို့လည်း ဆိုခဲ့ပါတယ်။

” ဘောလုံးရာသီ အစတုန်းက ဆိုရင် ကျွန်တော်တို့က ဖလား အကုန် ယူချင်ခဲ့တာပေါ့။ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်ရောလည်း ယူချင်တယ်။
ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့ ပိုပြီး ယုတ္တိတန်တာကိုပဲ တွေးပြီး ရည်မှန်းရပါတော့မယ်။ ကျွန်တော်တို့လို ကလပ် အသင်း အနေနဲ့ ချန်ပီယံလိဂ်မှာတော့ ရှိနေမှ ဖြစ်မှာပါ။ အခုနေမှာ အက်ဖ်အေပြိုင်ပွဲမှာလည်း ရှိနေသေးတယ်။ ဒီတော့ ဒီနှစ်ခုကိုပဲ ကျွန်တေ်ာတို့ ရည်မှန်းချက် ထားသင့်တယ်။
အသင်းက အခုမှာ တကယ်ကို ကောင်းမွန်တဲ့ အစုအဖွဲ့ ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ မန်နေဂျာ ကောင်းလည်း ရှိတယ်။ ကျွန်တော်တို့ လုပ်ရမှာက ရည်မှန်းချက်တွေ အပေါ် အာရုံစိုက်ပြီး ကြိုးစားသွားရမှာပါ။ အက်ဖ်အေဖလား ကို ရအောင် ယူမယ်။ ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် လုပ်ရမယ်။ ” လို့ ရှောက ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလားမှာ အခြား အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး၊ လီဗာပူး၊ ချယ်ဆီးအသင်းတို့နဲ့ အတူ ကျန်ရှိနေပါတယ်။
ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်ဟာ အက်စတွန်ဗီလာကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ပေမယ့် အဆင့် ၆ မှာသာ ဆက် ရှိနေပါတယ်။