မန်ယူ ဂိုးမသွင်းခင် ကတ်စ်မဲရိုး လူကျွံတာ ကို ဒိုင်က အရေးမယူလို့ ဗီလာ ပရိသတ်တွေ ထောက်ပြ ဒေါကန်နေ

မန်ချက်စတာ ယူနိုက်တက် အသင်း အဖွင့်ဂိုး မသွင်းခင် ကတ်စ်မဲရိုးဟာ လူကျွံ အနေအထားဖြစ်ခဲ့ပေမဲ့ ဒိုင်လူကြီးက ဘာမှအရေးမယူတာကြောင့် အက်စတွန်ဗီလာပရိသတ်တွေ ဒေါသပေါက်ကွဲနေကြပါတယ်။

အက်စတွန်ဗီလာကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၁၇ မိနစ်မှာ ထောင့်ကန်ဘောကနေ မက်ဂွိုင်းယား ခေါင်းတိုက်ချပေးတာကို ဟွိုင်လန်းက အနီးကပ်ပိတ်ပြီးတော့ သွင်းယူခဲ့ပါတယ်။

အဲဒီ ထောင့်ကန်ဘောမတိုင်ခင် ယူနိုက်တက်တို့ ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပြီး လုခ်ရှောကန်တင်ပေးလိုက်တာကို အက်စတွန်ဗီလာနောက်ခံလူတွေ ရှင်းထုတ်တာကနေ ထောင့်ကန်ဘောပေးခဲ့ရပါတယ်။

ယူနိုက်တက်တို့ ရခဲ့တဲ့ ပြစ်ဒဏ်ဘောကလည်း အငြင်းပွားစရာဖြစ်ပြီး ရပ်ရှ်ဖို့ဒ်ကို အက်စတွန်ဗီလာကွင်းလယ်လူ ကာမာရာ ဘာမှ မထိခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောပေးခဲ့ပါတယ်။

ရုပ်သံအနှေးပြကွက်အရ လုခ်ရှော ပြစ်ဒဏ်ဘောကန်ပေးချိန်မှာ ကတ်စ်မဲရိုးဟာ လူကျွံအနေအထားနဲ့ ဘောလုံးရယူဖို့ ကြိုးစားခဲ့ပြီး VAR အနေနဲ့လည်း Set Piece ဖြစ်ရပ်တွေမှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိတာကြောင့် ယူနိုက်တက်တို့ ထောင့်ကန်ဘောကန်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာပရိသတ်တွေက ဒီဖြစ်ရပ်မှာ လူကျွံမပေးခဲ့တာကြောင့် မကျေမနပ်ဖြစ်နေပြီး အွန်လိုင်းမှာ ဝေဖန်ရေးသားနေကြပါတယ်။

အက်စတွန်ဗီလာပရိသတ်တွေက

‘ယူနိုက်တက်ရဲ့ဖရီးကစ်မှာ ကတ်စ်မဲရိုး လူကျွံနေပြီး အဲဒီကနေ ထောင့်ကန်ဘောရခဲ့တာဖြစ်ပါတယ် . .’၊

‘ဘောလုံးပွဲတွေ ကြည့်ရတာကို အရမ်းမုန်းတာမျိုး ဒီနေ့လောက် တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။

ကျွန်တော်တို့အသင်းဟာ ခြေစွမ်းပိုင်း အားနည်းချက် ဘာမှမရှိခဲ့ပေမဲ့ ရှုံးပွဲကြုံခဲ့ရပါတယ်’၊

‘အသင်း Set Piece ကာကွယ်ပုံ အားနည်းခဲ့ပေမဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ဖြစ်ရပ်က ပြစ်ဒဏ်ဘောပေးစရာ အကြောင်းမရှိပါဘူး . .’၊

‘ကတ်စ်မဲရိုးဟာ လူကျွံအနေအထားမှာရှိခဲ့ပြီး ဘောလုံးမထိပေမဲ့ သူက ဘောလုံးရယူဖို့ ကြိုးစားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ဂိုးက အငြင်းပွားစရာကောင်းပါတယ်’၊

‘ဒိုင်လူကြီးဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ ကြောက်လန့်နေပုံပါပဲ ..

ဘာပဲဖြစ်ဖြစ် VAR ကိုပဲ အားကိုးနေပါတယ် . .’လို့ အသီးသီး ရေးသားခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းအတွက် ဒေါက်ဂလပ်စ်လူးဝစ်ဇ်က ချေပဂိုးပြန်သွင်းခဲ့ပေမဲ့ ၈၇ မိနစ်မှာ တွမ်မီနေးက အနိုင်ဂိုးသွင်းယူခဲ့လို့ အက်စတွန်ဗီလာအသင်းဟာ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ရပါတယ်။