ခြေစွာနေတဲ့ လေဗာကူဆင် မှ ခံစစ်အတွဲကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် စောင့်ကြည့်နေကြောင်း သတင်းထွက်ပေါ်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လေဗာကူဆင် ခံစစ်အတွဲ တက်ပ်ဆိုဘာ၊ ဖရင်းပေါင်တို့ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
နည်းပြ အလွန်ဆို ကိုင်တွယ်နေတဲ့ လေဗာကူဆင်ဟာ ၂၀၂၃ – ၂၄ ရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဥရောပထိပ်တန်းလိဂ် ၅ လိဂ်မှာ ရှုံးပွဲမရှိတဲ့အသင်းအဖြစ်ရပ်တည်နေကာ စနေနေ့က ဘိုင်ယန်ကို ၃ ဂိုးပြတ် အနိုင်ရပြီးနောက် ၅ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။

မန်ချက်စတာညနေခင်းသတင်းဌာန အဆိုအရ တော့ ယူနိုက်တက်ဟာ လေဗာကူဆင်စတား ၂ ဦးဖြစ်တဲ့ တက်ပ်ဆိုဘာနဲ့ ဖရင်းပေါင်တို့ ၂ ဦးလုံးကို စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
လေဗာကူဆင်ဟာ လက်ရှိ ခံစစ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်ပြသနေပြီး ၂၁ ပွဲမှာ ၁၄ ဂိုးသာ ပေးထားခဲ့ရသလို ယူရိုပါလိဂ်မှာလည်း ခြေစွမ်းကောင်းတွေပြသနေပါတယ်။
တက်ပ်ဆိုဘာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အသင်းက ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး ခေါ်ယူဖို့ အဆင်မပြေခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ကလည်း ချိတ်ဆက်ခဲ့သေးပေမယ့် ဗန်ဒီဗန်ကိုသာ အစားထိုး ခေါ်ယူခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဖရင်းပေါင်ရဲ့ကိုယ်စားလှယ်တွေနဲ့ စကားပြောခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်ဘစ်ဆာကာနဲ့ ဒါလော့တို့ အဆင်ပြေခဲ့တာကြောင့် ခေါ်ယူဖို့ မလုပ်ဆောင်တော့တာဖြစ်ပါတယ်။
ဖရင်းပေါင်ဟာ အလွန်ဆိုလက်အောက် ခြေစွမ်းကောင်းတွေ ပြသနေပြီး ပြိုင်ပွဲစုံ ၂၇ ပွဲမှာ ၈ ဂိုးသွင်း ၊ ၁၀ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်းမှာလည်း ကိုးလ်မန်းလက်အောက်မှာ ပုံမှန်နေရာရနေတာဖြစ်ပါတယ်။