လာမယ့် နွေမှာ မန်ချက်စတာ ယူနိုက်တက် အရ ခေါ်ယူဖို့ လျာထားတဲ့ ကစားသမား ၄ ဦး စာရင်း ထွက်ပေါ်
မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူဖို့ ကစားသမား ၄ ဦး ကို လျာထားလာပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ် နွေရာသီတုန်းက မေဆင်မောင့်၊ အင်ဒရေအိုနာနာ၊ ရာစမပ်စ်ဟွိုင်းလန်းတို့အား ခေါ်ယူကာ အလုပ်ရှုပ်ခဲ့ဖူးပါတယ်။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ နွေရာသီတုန်းက ကစားသမားအသုံးစရိတ်များစွာ သုံးခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာမှ စပါးနဲ့ ရမှတ် ၆ မှတ်အထိ ကွာဟနေပါတယ်။
၎င်းတို့ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခွာထားရသလို ဥရောပပြိုင်ပွဲလည်း ကစားရန် မရှိတော့ပါဘူး။
ဆာဂျမ်ရက်ကလစ်ဖ်ဦးဆောင်တဲ့ Ineos Group ဟာ လာမယ့် နွေရာသီမှာ ကစားသမား ခေါ်ယူအားဖြည့်ဖို့ စတင်လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။
Daily Mail သတင်းရဲ့ ဖော်ပြမှုအရ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူကာ ဘောလုံးရေးရာကိစ္စရပ်များကို လွှမ်းမိုးထားတဲ့ ဆာဂျမ်ရက်ကလစ်ဖ်ဟာ နွေရာသီမှာ ဗဟိုနောက်ခံလူနှစ်ဦး ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အဲဗာတန်စတား ဂျာရက်ဘရန့်ဝှစ်က ယူနိုက်တက်ရဲ့ အဝယ်စာရင်းထဲမှာ ထိပ်ဆုံးမှ ပါဝင်နေပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဟာ ဘရန့်ဝှစ်ကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်၊ ချဲလ်ဆီး၊ စပါး အပြင် လာလီဂါဘီလူး ရီးရဲလ်မက်ဒရစ်တို့နှင့် ယှဉ်ပြိုင်ရပါမယ်။
ယူနိုက်တက်ဟာ ဘရန့်ဝှစ်အပြင် နောက်ထပ် ၃ ဦး အဖြစ် ဘင်ဖီကာရဲ့ အန်တိုနီယိုဆေးလ်ဗား၊ နိုက်စ်မှ ဂျိန်းကလဲယားတိုဒီဘို၊ လိုင်လီလူငယ် ကစားသမား လီနီယိုရိုတို့အား ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။ ယိုရိုကိုလည်း ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေပါသေးတယ်။
အဲဗာတန်ကတော့ ငွေကြေးလိုအပ်ချက်များ ရှိနေမှုနှင့်အတူ နွေရာသီမှာ ဘရစ်ဝှစ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ရောင်းချလာဖို့ သေချာနေပါတယ်။