စပါးနဲ့ ဗီလာကို ကျော်ဖြတ်ပြီး မန်ယူပဲ အဆင့် ၄ ရသွားမယ်လို့ ယုံကြည်ချက် ခိုင်မာနေတဲ့ ပေါလ်စခိုးလ်

သရဲနီ ဂန္တဝင် ကွင်းလယ်လူဟောင်းကြီး ပေါလ်စခိုးလ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ အက်စ်တွန်ဗီလာနဲ့ စပါးတို့ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားလိမ့်မယ်လို့ သုံးသပ်စကား ပြောကြားလာခဲ့ပါတယ်။

တန်ဟက် နည်းပြနေတဲ့ မန်ချက်စတာ ယူနိုက်တက်၊ အူနိုင်း အမ်မရီ ရဲ့ ဗီလာနဲ့ နည်းပြ ပိုစတီဂိုဂလူ ရဲ့ စပါးတို့က ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်(၄) နေရာကို ယှဉ်လုနေရတဲ့ အသင်းတွေ ဖြစ်ကြပြီး လတ်တလောမှာ စပါးနဲ့ ဗီလာတို့က အဆင့်(၄)နေရာကို သိမ်းပိုက်နိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ပေါလ်စခိုးလ်ကတော့ သူ့အသင်းဟောင်းရဲ့ ခြေစွမ်းနဲ့ ကံတရားကို ယုံကြည်နေပြီး မန်ချက်စတာ ယူနိုက်တက်ဟာ လက်ကျန် ၁၄ပွဲ အတွင်းမှာ စပါးနဲ့ ဗီလာတို့ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရယူသွားနိုင်လိမ့်မယ်လို့ ဆိုလာပါတယ်။

ပေါလ်စခိုးလ်က – “ကျွန်တော်တို့အသင်းမှာ ငယ်ရွယ်ပြီး အရည်အသွေးမြင့်တဲ့ လူငယ် ကစားသမားတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ယူနိုက်တက်ဟာ စပါးနဲ့ ဗီလာတို့ရဲ့ အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က လက်ကျန်ပွဲတွေမှာ စပါးနဲ့ ဗီလာကို အမီလိုက်ပြီး အဆင့်(၄)နေရာနဲ့ ရာသီသိမ်းနိုင်ပါလိမ့်မယ်” လို့ သူ့ရဲ ယူဆချက်ကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပွဲစဉ်(၂၄) အပြီးမှာ စပါးက ရမှတ် ၄၇မှတ်နဲ့ အဆင့်(၄)နေရာ ၊ ဗီလာက ရမှတ် ၄၆မှတ်နဲ့ အဆင့်(၅)နေရာ ၊ မန်ချက်စတာ ယူနိုက်တက်က ရမှတ် ၄၁မှတ်နဲ့ အဆင့်(၆)နေရာကို အသီးသီး ရောက်ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က စပါးနဲ့ ဗီလာတို့ထက် ရမှတ် များစွာ နည်းပါးနေတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူ အများစုက မန်ချက်စတာ ယူနိုက်တက်ဟာ စပါးနဲ့ ဗီလာကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။