လူတန်နဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမား ၄ ဦးထိ လွဲချော်ဖို့ ရှိကြောင်း တန်ဟက် အသိပေး
ဒီအပတ် ကစားမယ့် လူတန်တောင်းနှင့် ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ကြယ်ပွင့် ကစားသမား ၄ ဦး မပါဝင်ဘဲ ရင်ဆိုင်ကစားရပါမယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ Kenilworth Road သို့ သွားရောက်ကာ ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ၄ ပွဲ ဆက် အနိုင်ရရှိရေး ကြိုးပမ်းလာပါမယ်။

ဒါပေမဲ့ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ ဒဏ်ရာပြဿနာများကြောင့် ပြဿနာကြုံနေရပါတယ်။
အဲရစ်တန်ဟက်က မေဆင်မောင့်နှင့် တိုင်ရဲလ် မာလာစီယာတို့မှာ ဆက်လက် လွဲချော်လာမှာ ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ခန်းအစီအစဉ်မှာ အေရွန် ဝမ် ဘစ်ဆာကာ မှာလည်း ပါဝင်လာမှာ မဟုတ်ကြောင်း ပြောကြားလာပါတယ်။
တန်ဟက်က “ဝမ် ဘစ်ဆာကာ ဟာ ရက်သတ္တပတ်အနည်းငယ်နားရပါဦးမယ်။ ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ခန်းအစီအစဉ်မှာ နောက်ထပ် ဒဏ်ရာရခဲ့တာပါ။ မေဆင်မောင့်နဲ့ တိုင်ရဲလ်တို့လည်း ရက်သတ္တပတ်အနည်းငယ်နားရဦးမယ်”လို့ ပြောကြားသွားပါတယ်။
အဆိုပါ ၃ ယောက် အပြင် အဲရစ်တန်ဟက်က ဘယ်နောက်ခံလူ လုခ်ရှောမှာလည်း ဒဏ်ရာကြောင့် လူတန်နှင့်ပွဲတွင် ပါဝင်ရန် မရေမရာ ဖြစ်နေကြောင်း ဆိုသွားပါတယ်။
အင်္ဂလန်လက်ရွေးစင်စတားဟာ ပြီးခဲ့တဲ့အပတ်က ဗီလာနိုင်ပွဲတွင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ဒဏ်ရာပြဿနာကို ပိုမိုဆိုးရွားလာနိုင်တဲ့အချက်က လီဆန်ဒရိုမာတီနက်ဇ်မှာ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရနိုင်တဲ့ အနေအထားမှာ ရှိနေတာပါ။