အီတလီက ကမ္ဘာ့ဖလား ဗိုလ်စွဲနိုင်ပါတယ် ဆိုသူ၊ ဟာလန်းနဲ့ ချဲလ်ဆီး၊ ဆိုးရှားနဲ့ နံနက်ခင်း သတင်းများ

ချဲလ်ဆီးပစ်မှတ် ဟာလန်းဟာ နောက်နှစ်မှာ ပူးမားနဲ့ စပွန်ဆာစာချုပ် သဘောတူညီမှုရရင် ဒေါ့မွန်မှာပဲ စာချုပ်သစ် ချုပ်ဆိုသွားနိုင်ကြောင်း ဂျာမနီသတင်းတွေက ဖော်ပြပါတယ်။

ဘန်လေအနေနဲ့ နောက်ခံလူ တာကောစကီးအတွက် ချဉ်းကပ်မှုတွေကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ တာကောစကီးဟာ ဘန်လေကနေ ထွက်ခွာဖို့ စီစဉ်လျက်ရှိနေပြီး သူ့ကိုနယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့က ပစ်မှတ် ထားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ခရစ္စတီယာနို ရော်နယ်ဒိုအပေါ် သိပ်ကို မှီခိုလွန်းနေတယ်လို့ အိုလံပစ်ဂန္တဝင်ကြီး အူစိန်ဘော့က ဝေဖန်ခဲ့ပါတယ်။

အီတလီဟာ ကမ္ဘာ့ဖလား တိုက်ရိုက်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပေမယ့် သိပ်ကောင်းတဲ့ အသင်း တစ်သင်းအဖြစ် ရှိနေဆဲဖြစ်ကြောင်း နည်းပြ ရောဘတ်တို မန်ချီနီဟာ ပြောဆိုလိုက်ပြီး ကမ္ဘာ့ဖလား ဗိုလ်စွဲနိုင်စွမ်းပါ ရှိတယ်လို့ ၎င်းက ဆိုခဲ့ပါတယ်။

အန်တိုနီယို ရူဒီဂါဟာ ဘိုင်ယန်မြူးနစ်ရဲ့ အပြောင်းအရွှေ့ ပစ်မှတ် ဖြစ်နေပေမယ့် ချဲလ်ဆီးအတွက် ကောင်းကောင်း ကစားပေးဖို့ကိုသာ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

ဒါဘီအသင်း နည်းပြ ဝိန်းရွန်းနီဟာ ချန်ပီယံရှစ်ကလပ်မှာ နောက်ထပ် ထိုးနှက်မှု တစ်ခုအဖြစ် ရမှတ်လျော့ ပြစ်ဒဏ်တစ်ခုကို ထပ်မံ ရင်ဆိုင်ရမှာမို့ လိဂ်ဝမ်းထိ တန်းတင်းရမယ့် အနေအထားကို ရင်ဆိုင်နေရပါတယ်။

မန်စီးတီး တိုက်စစ်ကစားသမား စတာလင် က ဘာစီလိုနာထက် အာတီတာ နည်းပြနေတဲ့ အာဆင်နယ်ကိုသာ ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။ စတာလင် က ပရီးမီးယားလိဂ်မှာသာ ဆက်နေလိုပြီး မန်စီးတီးမှာ သူ့ကို တောက်ပအောင် အရောင်တင်ပေးခဲ့တဲ့ အာတီတာနဲ့ ပြန်လည်လက်တွဲလိုနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြဆိုးလ်ရှားအပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ကြားရတာ စိတ်ပျက်မိကြောင်း သရဲနီ တိုက်စစ်မှူးဟောင်း အန်ဒီကိုးစ်က ဆိုပါတယ်။ ဆိုးလ်ရှားအနေနဲ့ ကိုယ်စွမ်းရှိသမျှ အကောင်းဆုံးကြိုးပမ်းလျက်ရှိကြောင်း၊ မန်ယူလိုအသင်းမျိုးကို ကိုင်တွယ်ရတာ ဘယ်တော့မှ မလွယ်ကူကြောင်း ၎င်းက ဆိုခဲ့ပါတယ်။

မန်ယူ အပယ်ခံ ကစားသမား ဒွန်နီဗန်ဒီဘိခ်ဟာ အဲဗာတန်၊ နယူးကာဆယ်တို့လို အသင်းတွေရဲ့ စိတ်ဝင်စားမှုကြောင့် ဇန်နဝါရီမှာ မန်ချက်စတာအသင်းကနေ ထွက်ခွာဖို့ အခွင့်အရေး ရရှိနိုင်ပါတယ်။