မန်ယူက အဆင့် ၄ အတွင်း ဝင်နိုင်တယ်၊ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ လို့ နည်းပြ တန်ဟက် ကြွေးကြော်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ပွဲဆက် နိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပထမရာသီဝက်မှာ အဓိက ကစားသမား အများအပြား ဒဏ်ရာရရှိမှုကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ၂၀၂၄ခုနှစ်ထဲ အရောက်မှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူထားနိုင်ပြီး ၂၀၂၄ခုနှစ် အတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ပွဲဆက် ရှုံးပွဲ မရှိသေးသလို ၅ပွဲကို အနိုင် ရရှိထားပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက်က ဝုလ်ဗ်၊ ဝက်စ်ဟမ်း၊ ဗီလာ စတဲ့ အသင်းကောင်းတွေကို ဆက်တိုက် အနိုင်ရရှိထားပြီး ယနေ့ညမှာတော့ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ လူတန်တောင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

လူတန်တောင်းနဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာတော့ တန်ဟက် က သူ့ရဲ့ အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီ ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄) အတွင်း ဝင်ရောက်နိုင်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

တန်ဟက် က – “ကျွန်တော်တို့က အခြေအနေတွေ အားလုံးကို ပြောင်းပြန်လှန်လိုက်ပြီလို့ ပြောဖို့ စောလွန်းနေပါသေးတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲထဲကို ပြန်ရောက်လာတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဆင့်(၄) အတွင်း မဝင်သေးပါဘူး။

ကျွန်တော်တို့က ကိုယ် လိုချင်တဲ့ နေရာမျိုးကိုလည်း မရောက်သေးပါဘူး။ ကျွန်တော်တို့ အသင်းရဲ့ အဆင့်အတန်းက အနည်းဆုံး အဆင့်(၄)ထဲ ဝင်ရမယ့် အဆင့်အတန်းမျိုးပါ။ အဲ့ဒီလိုလုပ်နိုင်ဖို့ ဆိုရင် ကျွန်တော်တို့က အပေါ်မှာ ရောက်နေတဲ့ ပြိုင်ဘက်တွေကို လိုက်မီအောင် လုပ်ဖို့ လိုပါတယ်။

အခုတော့ ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောရပါမယ်။ ကျွန်တော်တို့အသင်းမှာ အဆင့်(၄) အတွင်း ဝင်နိုင်တဲ့ အရည်အချင်းမျိုး ရှိတယ် ဆိုတာ သိပြီးသားပါ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က အဆင့်(၄)နေရာမှာ ရှိနေတဲ့ ဗီလာနဲ့ ရမှတ် ၈မှတ် ကွာဟနေပေမယ့် ယနေ့ညမှာသာ လူတန်တောင်းကို အနိုင်ရလိုက်ရင် ဗီလာနဲ့ ရမှတ် ၅မှတ်သာ ကွာဟတော့မှာ ဖြစ်သလို အဆင့်(၅) နေရာမှာ ရှိနေတဲ့ စပါးနဲ့လည်း ရမှတ် ၃မှတ်သာ ကွာဟပါတော့မယ်။