အားရအောင် ငွေသုံးပြီးမှ မန်ယူရဲ့ DNA အတိုင်း အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်တွေကို အားကိုးမယ် ဆိုလာတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ အသင်းရဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်ကြယ်ပွင့်ကစားသမားတွေကြောင့် အပြောင်းအရွှေ့အသုံးစရိတ် အများကြီး သက်သာစေဖို့ မျှော်လင့်နေပါတယ်။

မကြာသေးခင်က UEFA ထုတ်ပြန်ခဲ့တဲ့စစ်တမ်းအရ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းကစားသမားတွေရဲ့စုစုပေါင်းတန်ဖိုးက ပေါင် ၁.၂ ဘီလီယံအထိရှိပြီး ဥရောပထိပ်တန်းလိဂ်ကလပ်တွေထဲမှာ အများဆုံးဖြစ်ပါတယ်။

ဒီရာသီအစမှာလည်း အိုနာနာ၊ မေဆင်မောင့်၊ ဟွိုင်လန်းတို့ကို ပေါင် ၁၇၅ သန်းအထိ အသုံးပြုခေါ်ယူခဲ့ပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းပွဲတွေမှာ ဟွိုင်လန်းတစ်ယောက်ကလွဲလို့ ကစားသမားသစ်တွေဟာ စွမ်းဆောင်ရည်ကောင်းမပြသနိုင်ဘဲ အကယ်ဒမီထွက်လူငယ်ကစားသမားတွေဖြစ်တဲ့ ဂါနာချို၊ ကိုဘီမင်နူးတို့အပြင် စီနီယာကစားသမား တွမ်မီနေးတို့က ယူနိုက်တက်ကို အဓိကကယ်တင်ပေးနေတာဖြစ်ပါတယ်။

ယူနိုက်တက်အကယ်ဒမီမှာ ဒီလိုမျိုး အရည်အသွေးမြင့်လူငယ်လေးတွေရှိနေတာကြောင့် ဘာဖြစ်လို့များ အန်တိုနီကို ပေါင်၈၅ သန်း၊ ဆန်ချိုကို ပေါင် ၇၃ သန်းအထိ ဈေးကြီးပေးပြီးတော့ခေါ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

ယူနိုက်တက်အသင်းသမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ဂန္ထဝင်နည်းပြကြီး ‘ဆာ’မတ်ဘတ်စ်ဘီလက်ထက်ကစလို့ ဂန္ထဝင်နည်းပြဖာဂူဆန်ခေတ်အထိ အကယ်ဒမီထွက် လူငယ်မျိုးဆက်သစ်တွေကို အသင်းမှ နေရာပေးခဲ့ပြီး ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၉၃၇ ခုနှစ်ကတည်းက အသင်းရဲ့ပွဲထွက်စာရင်းမှာ အကယ်ဒမီထွက်ကစားသမား အနည်းဆုံးတစ်ဦး ပါဝင်လေ့ရှိတဲ့ အစဉ်အလာကောင်းရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဖာဂူဆန် အနားယူပြီးနောက်ပိုင်းမှာတော့ ယူနိုက်တက်နည်းပြတွေဟာ အကယ်ဒမီကစားသမားတွေထက် နာမည်ကျော်ကစားသမားတွေကိုသာ ငွေကုန်ကြေးကျခံခေါ်ယူခဲ့တာတွေက ပိုများပါတယ်။

အခု အဲရစ်တန်ဟက်လက်ထက်မှာလည်း လီဆန်ဒရိုမာတီနက်ဇ်၊ ကတ်စ်မဲရိုး၊ အန်တိုနီအပါအဝင် နာမည်ကျော်တွေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ခေါ်ယူခဲ့ပြီး အကယ်ဒမီထွက်ကစားသမားတွေကို နေရာ သိပ်မပေးပေမဲ့ နောက်ပိုင်းပွဲတွေမှာ အကယ်ဒမီထွက် လူငယ်လေးတွေက မယုံနိုင်လောက်အောင် ခြေစွမ်းပြနေတာကြောင့် အဲရစ်တန်ဟက်ဟာ ဒီလူငယ်တွေအပေါ် ယုံကြည်မှု ပိုရှိလာတာလည်းဖြစ်ပါတယ်။

အဲရစ်တန်ဟက်က “ယူနိုက်တက်အသင်းဟာ ငွေသုံးကြမ်းတဲ့အသင်းဖြစ်ပေမဲ့ သမိုင်းကြောင်းအစဉ်အလာကို ပြန်ကြည့်ရင် စီနီယာအသင်းမှာ နေရာပေးဖို့ ထိုက်တန်တဲ့ အကယ်ဒမီထွက် လူငယ်လေးတွေကို အခွင့်အရေးပေးလေ့ရှိပါတယ်။ ဒါက ကျွန်တော်တို့အသင်းရဲ့ DNA ပါပဲ။

ကျွန်တော်တို့တွေဟာ ဒီလူငယ်တွေကို ဂရုတစိုက်စောင့်ကြည့်ပြီး သူတို့ကို အခွင့်အရေးပေးတာနဲ့ အချိန်တိုအတွင်းမှာပဲ မြန်မြန်ဆန်ဆန် တိုးတက်လာပြီး အသင်းကို နောက်တစ်ဆင့်မြင့်တက်လာအောင် စွမ်းဆောင်နိုင်ကြပါတယ်။

ဂါနာချို၊ ကိုဘီမင်နူးတို့ ခြေစွမ်းပြနေသလိုပဲ သူတို့ရဲ့ ခြေရာနင်းနိုင်မဲ့ လူငယ်တွေ အများကြီးရှိသေးတယ်လို့ ကျွန်တော်ထင်ပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။