၂၀၂၄ ခုနှစ်ထဲ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းသူ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး
မန်ယူနဲ့ပထမရာသီဝက်ကို ရုန်းရုန်းကန်ကန်ဖြတ်သန်းခဲ့ရတဲ့ တိုက်စစ်မှုးဟော့လန်းဟာ ၂၀၂၄ ထဲရောက်ပြီးကတည်းက ကလပ်မှာတင်မဟုတ်ဘဲ ပရီးမီးယားလိဂ်မှာပါ ဂိုးသွင်းခြေစွမ်းအပြဆုံးကစားသမားဖြစ်နေပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ လူတန်နဲ့ပွဲမှာဆို သူ့ရဲ့အစောပိုင်းသွင်းဂိုး ၂ ဂိုးကြောင့်သာ မန်ယူဟာ အမှတ်ပြည့်ယူနိုင်ခဲ့တာပါ။ အဲဒီတွေကြောင့်လည်း ဟော့လန်းဟာ အာဆင်နယ်က ဆာကာနဲ့အတူ ၂၀၂၄ က ပရီးမီးယားလိဂ်မှာ ပူးတွဲဂိုးအများဆုံးသွင်းသူ ဖြစ်လာပါတယ်။

အာဆင်နယ်ကြယ်ပွင့်နဲ့ ဟော့လန်းတို့ဟာ ၂၀၂၄ ပရီးမီးယားလိဂ်မှာ ၆ ဂိုးစီသွင်းထားကြတာပါ။
ဒါ့အပြင် ၂၀၂၄ ထဲက ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားကမှ ဟော့လန်းလောက် ဂိုးပါဝင်ပတ်သက်မှု ပိုမများကြပါဘူး။ ၂၁ နှစ်အရွယ် ဒိန်းမတ်သားဟာ ဒီနှစ်ထဲက ပရီးမီးယားလိဂ်မှာ ၆ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးပြီး ၈ ဂိုးပါဝင်ပတ်သက်ထားတာပါ။
ဒါတောင် ၇၂ သန်းတန်ကစားသမားဟာ ဘောက်ဆင်ဒေးရောက်မှ ပရီးမီးယားလိဂ်ဂိုး စရခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်က ပွဲဦးထွက်ရာသီမှာ တာထွက်မကောင်းခဲ့ပေမယ့် ဟော့လန်းဟာ အကောင်းဆုံးရုန်းထနိုင်ခဲ့တာပါ။
အခုတော့ သူဟာ မန်ယူတောင့်တနေတဲ့ဂိုးသွင်းသူတစ်ယောက် ဖြစ်လို့လာပါပြီ။ ဒီရာသီ ပြိုင်ပွဲအရပ်ရပ်က ဟော့လန်းရဲ့သွင်းဂိုးအရေအတွက်ဟာလည်း ၁၃ ဂိုးအထိ တိုးလာပါတယ်။