မာရှယ်အတွက် မန်ယူအသင်းထံ သိပ်ကောင်းတဲ့ ကမ်းလှမ်းမှု ပေးတော့မယ့် ဂျူဗင်တပ်
ဂျူဗင်တပ် အသင်းဟာ ယူနိုက်တက် တိုက်စစ်သမား မာရှယ်ကို ဇန်နဝါရီမှာ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ စိတ်အား ထက်သန် နေတယ်လို့ သိရပါတယ်။
ဂျူဗင်တပ်ဘက်က အပြီးသတ် ခေါ်ယူရေးထက် ဒီဇန်နဝါရီ မှ စတင်ပြီး တစ်နှစ်ခွဲထိ အငှား ခေါ်ယူဖို့နဲ့ မာရှယ်ရဲ့ စွမ်းဆောင်ရည်ကို နှစ်ခြိုက်ခဲ့ပါက အငှားစာချုပ် အကုန်မှာ ယူရို သန်း ၃၀ နဲ့ အပြီးသတ် ခေါ်ယူသွားဖို့ ပစ်မှတ် ထားနေတာဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို လက်လွတ်ရချိန်မှာ တိုက်စစ်မှူး မွိုက်စ်ကင်း နဲ့ အစားထိုးခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူးဟာ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတာကြောင့် နောက်ထပ် တိုက်စစ်သမားသစ် ရှာဖွေလာခဲ့တာပါ။

ဇန်နဝါရီမှာ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူသွားဖို့ ဂျူဗင်တပ်ဘက်က အားထုတ်လိုနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ မာရှယ်ကို စီးရီးအေ ပြိုင်ပွဲဆီ ခေါ်ယူလိုချင်နေခဲ့တာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကတော့ ဂျူဗင်တပ် အသင်းမှ လိုချင်နေတဲ့ မာရှယ်အတွက် ယူရို သန်း ၅၀ လောက်ထိ လိုချင်နေတာဖြစ်တယ်။ တိုက်စစ်မှာ ရော်နယ်ဒို၊ ကာဗာနီ၊ ဂရင်းဝုဒ်တို့ ရှိနေတာကြောင့် ဒီရာသီမှာ မာရှယ်က ပွဲကစားခွင့် နည်းပါးနေခဲ့ကာ ၇ ကြိမ်သာ ပါဝင်ခွင့် ရရှိထားခဲ့ပြီး ၁ ဂိုးသာ သွင်းယူပေးထား နိုင်ခဲ့ပါသေးတယ်။
ဒီလတွေမှာ ပွဲကစားခွင့် မရဘဲ အရန်ခုံမှာ ဆက်ထိုင်ရမယ်ဆိုရင် လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့သွားဖို့ မာရှယ်က မျှော်လင့်နေတယ်။ သူကိုယ်တိုင်ကလည်း ဂျူဗင်တပ်ကို ပြောင်းလိုနေတယ်လို့ သိရပါတယ်။