ကစားသမား ၁ဝ ယောက်လောက် ရောင်းပြီး ဒီဂျောင်နဲ့ ဟယ်ရီကိန်း ကို နွေမှာ ခေါ်ဖို့ မန်ယူအသင်း ပလန်ဆွဲနေပြီ

မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ ပြောင်းရွှေ့ကြေး အမြောက်အမြား အသုံးပြုကာ အသင်းကို အင်အားဖြည့်တင်းဖို့ စဉ်းစားနေပြီး ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်နဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းတို့ဟာ သူတို့ရဲ့ အဓိက ပစ်မှတ်တွေ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် တဲလ်ဘော့စ်က အခိုင်အမာ ဆိုခဲ့ပါတယ်။

ယူနိုက်တက်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ ပြောင်းရွှေ့ကြေး တပြားတချပ်မှ ထုတ်မသုံးခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOS က လာမယ့် နွေဈေးကွက်မှာ အသင်းရဲ့ လူစာရင်းကို ကြီးမားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ INEOSက ယူနိုက်တက်ရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက မက်ဂွိုင်းယား၊ ဗာရန်း၊ လင်ဒီလော့ဖ်၊ ဘစ္စကာ၊ ကတ်စ်မဲရိုး၊ တော်မီနေး၊ အန်တိုနီ၊ ဆန်ချို၊ အဲရစ်ဆင်၊ ဂရင်းဝုဒ် စတဲ့ ကစားသမားတွေကို ရှင်းထုတ်ကာ အနည်းဆုံး ကစားသမားသစ် ၆ဦး ၊ ၇ဦးခန့် ပြန်ဝယ်မယ်လို့ သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဘယ်ကစားသမားတွေကို ဝယ်ယူမလဲ ဆိုတာ အတိအကျ မသိရသေးပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက် က ဗဟိုခံစစ်မှူး ၂ဦး ၊ ကွင်းလယ်လူ ၂ဦး ၊ တောင်ပံတိုက်စစ် ကစားသမား ၁ဦးနဲ့ အထောင်တိုက်စစ်မှူး ၁ဦးတို့ကို ဝယ်ယူချင်နေကြောင်း ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ တဲလ်ဘော့စ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ သူတို့ရဲ့ ပစ်မှတ်ဟောင်းတွေ ဖြစ်ကြတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်နဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်က နှစ်ဦးစလုံးကို ခေါ်ယူချင်နေပေမယ့် ဒီဂျောင်နဲ့ ဟယ်ရီကိန်းတို့ ယူနိုက်တက်ဆီ ရောက်လာနိုင်ချေဟာ အတော်လေး နည်းပါးကြောင်း သိရှိရပါတယ်။

ဘာစီလိုနာက လာမယ့် နွေဈေးကွက်မှာ ဖရန်ကီ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း ဝန်းကျင်နဲ့ ရောင်းချမယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို ရောင်းချဖို့ စိတ်မဝင်စားတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ဖရန်ကီ ဒီဂျောင် တဦးထဲကိုသာ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။