ဟွိုင်လန်း မပါတာနဲ့ ရှုံးပွဲ စကြုံတဲ့ မန်ချက်စတာ ယူနိုက်တက်၊ အိုးထရက်ဖို့ဒ်မှာ ရှုံးချက်က နာသွားတဲ့ နည်းပြ တန်ဟက်
မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဖူဟမ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ယူအသင်းက အိမ်ကွင်းမှာ ၁-၂ နဲ့ အရှုံးပေးခဲ့ရပါတယ်။
လက်ရှိ ၂၀၂၄ ထဲ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ မန်ယူအသင်းဟာ တိုက်စစ်မှုး ဟွိုင်လန်း မပါနိုင်တဲ့ ဒီပွဲမှာပဲ စတင်ပြီး ရှုံးခဲ့ရတာပါ။

နောက်ပိုင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိ ရလဒ်ကောင်းရယူထားတဲ့ မန်ယူအသင်းအတွက် ယခုတစ်ခေါက် ရှုံးပွဲက အတော်လေး စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တစ်ခု ဖြစ်လာစေခဲ့ပြီး ဖူဟမ်ကို အိမ်ကွင်းမှာတင် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
အသင်းရဲ့ အဓိက ဂိုးသွင်းစက် ဟွိုင်လန်း မပါဝင်လာနိုင်တာက အသင်းတိုက်စစ်ပိုင်းကို ခန်းခြောက်စေခဲ့ပြီး တန်ဟတ် က ယနေ့ပွဲမှာ အန်တိုနီ၊ အာမတ်တို့လို တိုက်စစ် ကစားသမားတွေ ထည့်သွင်းပွဲထုတ်ရမယ့်အစား လူငယ် တိုက်စစ် ကစားသမားလေး ဖော်ဆွန်ကို ပွဲထုတ်သွားခဲ့တာ တွေ့ရပါတယ်။
ဒီပွဲ တိုက်စစ်ပိုင်းမှာတော့ ရက်ရှ်ဖို့ဒ်တစ်ယောက်ထဲနဲ့ လုံလောက်မှု မရှိခဲ့ပဲ ယခုရာသီ ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းယူမှုတွေမှာ နောက်ကောက်ကျနေတဲ့ ဖာနန်ဒက်စ်လည်း ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး။
ပထမပိုင်းကို ဂိုးမရှိ သရေရလဒ်နဲ့ အဆုံးသတ်နေခဲ့တာကြောင့် ဒုတိယပိုင်းမှာ တော်မီနေး၊ အဲရစ်ဆင်တို့ကို ထည့်သွင်းအသုံးပြုကာ ဂိုးရယူဖို့ တန်ဟတ်ဂ် ကြိုးစားခဲ့ပေမယ့် ဖူဟမ်ကသာ ပွဲကစားချိန် ၆၆ မိနစ်အရောက်မှာ အဖွင့်ဂိုး ရယူသွားခဲ့ပြီး မက်ဂွိုင်းယားက ၈၉ မိနစ်မှာ ပြန်လည်ချေပနိုင်ခဲ့တာကြောင့် ၁-၁ သရေရလဒ်နဲ့ ပွဲကို ရှေ့ဆက်စေခဲ့ကြပါတယ်။
ဒါပေမယ့် အချိန်ပို ၉၇ မိနစ် အရောက်မှာတော့ အိုင်ဝိုဘီ ဖူဟမ်အတွက် အဆုံးသတ် အနိုင်ဂိုး သွင်းယူသွားခဲ့တာကြောင့် ယူနိုက်တက်တို့အတွက် မျှော်လင့်ချက်မဲ့သွားခဲ့ပြီး ပွဲကို ၁-၂ နဲ့ အဆုံးသတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိ အမှတ်ပေးဇယား အနေအထားအရ မန်ယူအသင်းက အဆင့် ၆ မှာ ရပ်တည်နေပြီး အဆင့် ၄ မှ အက်စ်တွန်ဗီလာနဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့ရတာကြောင့် ယခုရာသီအကုန် အဆင့် ၄ အတွင်း ဝင်ရောက်ဖို့ ဝေဝါး သွားခဲ့ရပြီ ဖြစ်ပါတယ်။