နှစ် ၆ဝ အတွင်း မကြုံစဖူး မှတ်တမ်းဆိုး ရသွားပေမယ့် မန်ယူအသင်းအတွက် အကောင်းမြင်နေဆဲ နည်းပြတန်ဟက်

မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဖူလ်ဟမ်ကို ရှုံးနိမ့်ကာ ၆၁ နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဘယ်သူမှ မလိုချင်တဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်လာရပေမဲ့လည်း မန်ယူ နည်းပြ အဲရစ်တန်ဟက်ကတော့ အနာဂတ်မှာ အပြုသဘောဆောင်နေဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်တွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်တွင် ၁၀ ပွဲမြောက်ရှုံးပွဲ ကြုံတွေ့လာရပါတယ်။

ယခင် ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ဟာ ယူနိုက်တက်ကို ၂၁ နှစ် ကိုင်တွယ်ခဲ့ရာမှာ တစ်ရာသီမျှ လိဂ်ပွဲ ၁၀ ပွဲ မရှုံးနိမ့်ခဲ့ဖူးပါဘူး။ ယခုအခါ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၁၁ ရာသီအတွင်းမှာ ၅ ကြိမ်တိုင် ကြုံလာပြီ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တန်ဟက်က “ရှုံးပွဲတစ်ပွဲ ကြုံပြီးရင် အဖြစ်အပျက်ကြီးမြင်လာရတယ်။ အဖြစ်အပျက်ကြီးက ကြည့်ရကောင်းနေပါတယ် ။

အသင်းက ဒီနေ့ စရိုက်လက္ခဏာကောင်း ပုံရိပ်ကောင်းတွေ ပြသနိုင်ခဲ့တယ်၊ ပြန်ဖိုက်နိုင်ခဲ့တယ်။ ချေပဂိုး ရဖို့ ထိုက်တန်ခဲ့သလို အနိုင်ရဖို့ အတွက်လည်း တိုက်ပွဲဝင်ခဲ့တယ်။ တကယ့်ကို ကိုယ်ရည်ကိုယ်သွေးကောင်းတွေ ပြသခဲ့တာပါ။

အဲဒီ အမှားလေး တစ်ချက်ကြောင့်ပဲ ပေးဆပ်လိုက်ရတာ။ အဲဒီဂိုး မပေးရခင်ထိ ကျွန်တော်တို့က နိုင်ပွဲရဖို့ ဦးတည် ကစားနေခဲ့တယ်။ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့သင့်တာ။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အဆင့် ၄ နေရာမှ အက်စတွန်ဗီလာနှင့် ရမှတ် ၈ မှတ်အထိ ကွာဟလာပါတယ်။

ဒါ့အပြင် မန်ယူက နောက်အပတ် မန်စီးတီးကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်သလို ရာသီနှောင်းပိုင်းတွင် အိုးထရက်ဖို့ဒ်ကွင်းမှာ လီဗာပူး၊ အာဆင်နယ်တို့နှင့်လည်း ရင်ဆိုင်ရဦးမည်ဖြစ်ရာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး ပိုမိုအခက်ကြုံလာဖို့ ရှိနေပါတယ်။