လာမယ့် ပွဲတွေ မန်ယူ တိုက်စစ်မှာ နည်းပြ တန်ဟက် နေရာပေးတော့မယ့် လူငယ်တိုက်စစ် ကြယ်ပွင့်များ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က နောက်ပွဲတွေ အသင်း လူစာရင်းမှာ သူ နေရာပေးတော့မယ့် တိုက်စစ်သမားလေး ၂ ဦး အမည်ကို ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ ဟွိုက်လန်း၊ မာရှယ်၊ ရက်ဖို့ဒ်၊ ဂါနာချို၊ အန်တိုနီ၊ အာမတ်၊ ဖော်ဆန် စတဲ့ ကစားသမား ၇ဦးသာ ပိုင်ဆိုင်ထားချိန်မှာ မာရှယ်က ဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူနေရသလို ဟွိုက်လန်းကလည်း ကြွက်သားဒဏ်ရာကြောင့် ၃ပတ် ဝန်းကျင် အထိ အနားယူရပါတော့မယ်။

ဒါကြောင့် ပြီးခဲ့တဲ့ စနေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၂ ဖူလ်ဟမ် ပွဲစဉ်မှာ တန်ဟက်ဂ်က ရက်ဖို့ဒ်၊ ဂါနာချိုနဲ့ ဖော်ဆန်တို့ တိုက်စစ်အတွဲကို ထုတ်သုံးခဲ့ရပြီး အထောင်တိုက်စစ်မှူးစစ်စစ် မပါဝင်တာကြောင့် ယူနိုက်တက်ရဲ့ တိုက်စစ်ဟာ ဖူလ်ဟမ်ရဲ့ ခံစစ်ကို ခြိမ်းခြောက်နိုင်စွမ်း နည်းပါးခဲ့ပါတယ်။
ဒါပေမယ့် အဲရစ် တန်ဟက် က ဖော်ဆန်ကို ထုတ်ကာ အာမတ် ဒီရယ်လိုကို ထည့်သွင်း ကစားခဲ့ချိန်မှာ ယူနိုက်တက်ရဲ့ တိုက်စစ် ကစားအားက တိုးတက်လာခဲ့ပြီး ချေပဂိုး ၁ဂိုး ပြန်ရခဲ့သလို နိုင်ပွဲရလုနီးပါး ဖြစ်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့ တန်ပြန်တိုက်စစ် တခုကြောင့် နောက်ကျ အနိုင်ဂိုး ခွင့်ပြုပေးခဲ့ရကာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့ပေမယ့် တန်ဟက် က အာမတ်ရဲ့ ခြေစွမ်းခြေစကို ကောင်းကောင်းကြီး မြင်ခဲ့ရတာက အဆိုးထဲက အကောင်း ဖြစ်ခဲ့ပြီး တန်ဟက်ကတော့ သူဟာ လာမယ့်ပွဲတွေမှာ အာမတ်ကို နေရာပေး အသုံးပြုသွားတော့မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
တန်ဟက် က – “အာမတ် ဒီရယ်လိုက အတော်လေး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ သူက လူစားဝင် ကစားသမား အဖြစ် ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်။ ဒါက အနာဂတ် အတွက် ကောင်းမွန်တဲ့အရာပါ။
ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းမှာ ပြဿနာတွေ ရှိနေတာကြောင့် ကျွန်တော်က အာမတ်နဲ့ ဖော်ဆန်တို့ နှစ်ယောက်စလုံးကို လိုအပ်ပါတယ်။ ဒါကြောင့် သူတို့ကလည်း အသင်းအတွက် ကစားပေးနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ရှိကြောင်း သက်သေပြဖို့ပဲ လိုပါတော့တယ်။
သူတို့နှစ်ယောက်စလုံးက သွင်းဂိုးတွေ အတွက် သူတို့အပေါ် မှီခိုလို့ ရတယ် ဆိုတာကို သက်သေပြနိုင်ဖို့ လိုပါမယ်” လို့ ပြောကြားကာ အာမတ်ကို လာမယ့်ပွဲတွေမှာ နေရာပေးတော့မယ့် အကြောင်း ပြောကြားသွားခဲ့တာပါ။