နွေမှာ မန်ယူ ကစားသမား တစ်သင်းစာ ရောင်းထုတ်ဖို့ စီစဉ်နေပြီ ဖြစ်တဲ့ ရက်ကလစ်ဖ်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်က သွေးသစ်လောင်းမယ့် လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ အနည်းဆုံး ကစားသမား ၁၀ ဦးအထိ တစ်သင်းစာလောက်ကို ရောင်းထုတ်သွားဖို့ စီစဉ်နေပါတယ်။
ဒါ့အပြင် အန်တိုနီအတွက်လည်း ကမ်းလှမ်းမှုတွေ နားထောင်သွားမယ်လို့ သိရပါတယ်။ မန်ယူမှာ ဆာဂျင်မ် ရက်ကလစ်ဖ်ရောက်လာပြီးနောက်ပိုင်း ကွင်းပြင်ပမှာ အပြောင်းအလဲတွေ ပြုလုပ်နေပြီဖြစ်ပြီး INEOS ဟာ အသင်းရဲ့ ဘောလုံးလုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်နေပါတယ်။

မန်ချက်စတာစီးတီးက အိုမာ ဘာရာဒါဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အလုပ်အမှုဆောင်ချုပ်သစ်ဖြစ်လာခဲ့ပြီး နယူးကာဆယ် အားကစားဒါရိုက်တာ ဒန် အက်ရှ်ဝေါ့သ်ကိုလည်း မန်ယူနိုက်တက်က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ကွင်းအတွင်းမှာလည်း မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်မှူး၊ ကွင်းလယ်၊ ဗဟိုခံစစ်နဲ့ ညာနောက်ခံကစားသမားတွေကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့ မျှော်လင့်နေပေမယ့်လည်း ပရီးမီးယားလိဂ် အကျိုးအမြတ်နဲ့ ရေရှည်ရပ်တည်နိုင်ရေးစည်းမျဉ်းတွေကို စိုးရိမ်ရမှာဖြစ်ပါတယ်။
ရက်ကလစ်ဖ်ဟာ ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့အတွက် ကစားသမားအရင်ရောင်းချတာက အကောင်းဆုံးဖြစ်တာကြောင့် ရောင်းချလို့ရနိုင်တဲ့ ကစားသမားအများအပြားကို သတ်မှတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်က ရောင်းထုတ်မယ့်ကစားသမားတွေထဲမှာ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီလည်း ပါဝင်နေပြီး အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ မန်ယူနိုက်တက်သမိုင်းမှာ ဒုတိယမြောက်ဈေးအကြီးဆုံးကစားသမားဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ဧပြီလကတည်းက ပရီးမီးယားလိဂ်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးတာဖြစ်ပါတယ်။
ဆန်ချို၊ ဗန်ဒီဘိခ်၊ မက်ဂျ်ဘရီတို့ဟာ ဇန်နဝါရီမှာ အငှားနဲ့ ထွက်ကစားခဲ့ကြပြီး ရောင်းထုတ်မယ့် ကစားသမားတွေထဲမှာ ပါဝင်နေတယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။
ဆိုဖရန် အမ်မရာဘတ်ဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့အငှားကစားသမားဘဝ ကုန်ဆုံးမယ့် နွေရာသီမှာ ဖီအိုရင်တီးနားကို ပြန်သွားမှာဖြစ်ပြီး ဗာရွမ်း၊ မာစီယယ်လ်၊ တွမ်ဟီတန်တို့အားလုံးကလည်း ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
မာစီယယ်လ်နဲ့ ဗာရွမ်းတို့ ထွက်ခွာမှုကြောင့် အသင်းရဲ့ လစာပေးချေနေရတဲ့ ဘတ်ဂျက်ပမာဏက လျော့ကျသွားမှာဖြစ်ပြီး ဘစ်ဆာကာ၊ လင်ဒီလော့ဖ်နဲ့ ပယ်လီစထရီတို့ကလည်း ရာသီကုန်မှာ စာချုပ်သက်တမ်း ၁ နှစ်လောက်သာ ကျန်တော့မှာဖြစ်တာကြောင့် ရောင်းထုတ်မယ့်စာရင်းထဲ ပါဝင်နေပါတယ်။
ဂီတာဖေးကို အငှားနဲ့ ထွက်ကစားနေတဲ့ မေဆန် ဂရင်းဝုဒ်အတွက်တော့ မန်ချက်စတာယူနိုက်တက်က ဆုံးဖြတ်ချက် ချမှတ်ရခြင်းမရှိသေးဘဲ ရက်ကလစ်ဖ်ကတော့ အင်္ဂလန်တိုက်စစ်မှူးအတွက် အိုးထရက်ဖို့ဒ်မှာ အနာဂတ်ရှိနေနိုင်သေးတယ်လို့ အရိပ်အမြွက် ပြောဆိုထားပါတယ်။