မန်ယူကသာ တန်ဟက်ကို ထုတ်ပြီး ခေါ်ရင် အာတီတာက အာဆင်နယ်ကနေ ပြေးလာမှာ လို့ ဖာဒီနန် ယုံကြည်မှု အပြည့် ပြောဆို
မန်ချက်စတာယူနိုက်တက်ဂန္တဝင်ရီယိုဖာဒီနန်က သရဲနီတွေရဲ့ခေါ်ယူမှုသာ ရရှိမယ်ဆိုရင် အာဆင်နယ် နည်းပြ အာတီတာ က မြောက်လန်ဒန်အခြေစိုက်ကလပ်အသင်းမှ ထွက်ခွာလာလိမ့်မယ်လို့ ယုံကြည်မ ှုအပြည့်ဖြင့် ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်ရာသီအတွင်း အာတီတာက ဂန်းနားတွေနဲ့အတူ အံ့ဖွယ်လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ရေး ဆက်လက် တိုက်ပွဲဝင်နေပါတယ်။

အခြားတစ်ဖက်မှာတော့ မန်ချက်စတာယူနိုက်တက်က အဲရစ်တန်ဟက်ရဲ့လမ်းညွှန်မှုတွေအောက် နောက်ထပ်စိတ်ပျက်စရာ ဘောလုံးရာသီကို ဖြတ်သန်းနေရပြီး အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရှိနေတဲ့အသင်းတွေနဲ့ ရမှတ်ကွာဟမှု ကြီးကြီးမားမားရှိနေပါတယ်။
ရလဒ်အဖြစ် နယ်သာလန်သားနည်းပြရဲ့အနာဂတ် မရေမရာဖြစ်နေပြီး အသင်းပိုင်ရှင်သစ် ဆာဂျင် ရက်ကလစ်ဖ်နဲ့ သူ့ရဲ့ INOES အဖွဲ့ကလည်း တန်ဟက်ကို စိတ်ပျက်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
ရီယိုဖာဒီနန်က “မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အာဆင်နယ် ကနေ အာတီတာ ထွက်ခွာလာမယ် ဆိုတာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါမျိုးဖြစ်နေတယ်လို့ ဘယ်သူကမှ မပြောပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်သာ တန်ဟက်ကို ထုတ်ပယ်ပစ်ခဲ့ရင် (သို့မဟုတ်) ဘိုင်ယန်မြူးနစ်က တန်ဟက်ကို ခေါ်မယ်ဆိုရင် သူ ထွက်ခွာသွားပါလိမ့်မယ်။
ဒီနောက်မှာတော့ မန်ချက်စတာယူနိုက်တက်က ဦးစားပေးပစ်မှတ်နည်းပြသစ်က အာတီတာဖြစ်တယ်လို့ ကြေညာပါမယ်။ အာတီတာကိုယ်တိုင်လည်း သူ့အသင်းသားတွေကို နှုတ်ဆက်ပြီး အသင်းမှ ထွက်ခွာလာပါလိမ့်မယ်”လို့ ကိုယ်ပိုင် YouTube Channel မှတဆင့် ပြောခဲ့ပါတယ်။
သရဲနီတွေက ရဂိုး၊ ပေဂိုး ညီတူမျှတူအနေအထားဖြင့် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့တွေက ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေး၊ ကိုပင်ဟေဂင်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ရှုံးထွက်အဆင့်ဆီ မတက်ရောက်နိုင်ခဲ့ပါဘူး။
တဖက်မှာတော့ အာဆင်နယ်က မန်စီးတီး၊ လီဗာပူးတို့နဲ့အပြိုင် အမှတ်ပေးချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်လွတ်မြောက်ကာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းထားပါတယ်။
ဖာဒီနန်ရဲ့စိတ်လှုပ်ရှားစရာပြောဆိုမှုတွေ ရှိနေပေမယ့် စပိန်သားနည်းပြကတော့ အနည်းဆုံးစာချုပ်သက်တမ်းကုန်ဆုံးချိန် ၂၀၂၅ ခုနှစ်အထိ ဂန်းနားတွေနဲ့ပဲ လက်တွဲနေဖွယ်ရှိပါတယ်။