ဇီဒန်းကို မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် ရအောင် ခန့်ဖို့ ကြိုးစားတော့မယ့် ရက်ကလစ်ဖ်
မန်ချက်စတာယူနိုက်တက် ရှယ်ယာရှင် ဆာ ဂျင် ရက်ကလစ်ဖ်ဟာ သရဲနီတွေကို ဥရောပစူပါပါဝါအသင်းကြီး ပြန်ဖြစ်လာဖို့အတွက် အရာအားလုံး လုပ်သွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဗြိတိန်ဘီလျံနာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ပေါင် ၁.၃ ဘီလီယံနဲ့ တရားဝင်လက်လွှဲဝယ်ယူနိုင်ခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ အပြောင်းအလဲတွေလုပ်ဖို့ အချိန်နည်းနည်းလေးတောင် မဖြုန်းတီးခဲ့တာဖြစ်ပါတယ်။

ရက်ကလစ်ဖ်ဟာ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ကို ဖြုတ်ချဖို့ အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အိုးထရက်ဖို့ဒ်နေရာမှာပဲ နောက်ထပ် ကွင်းသစ်ဆောက်ချင်တဲ့ဆန္ဒကိုလည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အသင်းလူစာရင်းကို ကြီးကြီးမားမား သွေးသစ်လောင်း ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားအဝင်၊ အထွက်တွေ တော်တော်လေး များပြားလာဖွယ်ရှိပါတယ်။
ဒါပေမယ့်လည်း အရေးကြီးတာက ရက်ကလစ်ဖ်အနေနဲ့ လက်ရှိ နည်းပြ တန်ဟက်ကို တရားဝင် အားပေးထောက်ခံမှု မပြုလုပ်သေးတာကြောင့် တန်ဟက်ရဲ့ အနာဂတ်ဟာ ကောလာဟလတွေနဲ့ မရေမရာဖြစ်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်မှာ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ပြင်သစ်သတင်းဌာန Foot Mercato ရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ်ဟာ မန်ယူနိုက်တက်ကို အရင်တုန်းကလို ပြန်အောင်မြင်လာဖို့ အရာအားလုံးလုပ်သွားမှာဖြစ်ပြီး ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
INEOS Sport ရဲ့ စီအီးအို ဂျင်း-ကလောက် ဘလန့်စ်က ဇီဒန်းကို အလွန်နှစ်သက်သဘောကျသူဖြစ်ပြီး ပီအက်စ်ဂျီမှာ တာဝန်ယူခဲ့တဲ့အချိန်တုန်းက ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။
ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို နည်းပြခဲ့ချိန်အတွင်း ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဘာနေဗျူးကနေ ထွက်ခွာပြီးကတည်းက နည်းပြအလုပ်ကို လုပ်ကိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘောလုံးသမိုင်းတလျှောက် အကြီးကျယ်အခမ်းနားဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်ဂန္တဝင်ဟာ ဒီအပတ် ရုပ်ရှင်ပွဲတော်မှာ နည်းပြအလုပ်ကို ပြန်လည်လုပ်ဆောင်ဖို့ဆန္ဒရှိနေတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
နည်းပြအလုပ်ကို ပြန်လုပ်ဖို့ စီစဉ်ထားလားလို့ မေးမြန်းခဲ့ရာမှာ ဇီဒန်းက “ဘာလို့ မစီစဉ်ထားရမှာလဲ။ ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော် တစ်ခြားဟာ တစ်ခုကို လုပ်နေတယ်။ ကျွန်တော် နည်းပြခုံတန်းကို ပြန်လာမယ်ဆိုတာ သေချာတယ်။ ကျွန်တော် နောက်ထပ်တစ်ကြိမ် နည်းပြလုပ်ချင်ပါတယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။