ပြိုင်ဘက်တွေရဲ့ ပစ်မှတ်ထား လူချခံနေရတဲ့ ဘရူနိုဖာနန်ဒက်စ် က သနားစရာကောင်းနေပြီ လို့ တန်ဟက် ထုတ်ဖော် ပြော

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က အက်ဖ်အေဖလာပဉ္စမအဆင့်ပွဲစဉ်တွင် နော်တင်ဟမ်ဖောရက်စ်ကစားသမားများမှာ ဘရူနိုဖာနန်ဒက်စ်အား ပစ်မှတ်ထားခဲ့ကြကြောင်း စွပ်စွဲလိုက်ပါတယ်။

ဒါ့အပြင် သူ့အသင်းခေါင်းဆောင်အား ဝေဖန်နေမှုများအား လွန်ကျူးပြီး ဖာနန်ဒက်စ်ဟာ သနားစရာကောင်းကြောင်း ပြောကြားလာပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ မနေ့ညတုန်းက နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် ပွဲချိန် ၈၉ မိနစ်မှာ ကက်စ်မီရို ခေါင်းတိုက် ဂိုးသွင်းနိုင်အောင် ဖရီးကစ်မှ တဆင့် ဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။

ပေါ်တူဂီ လက်ရွေးစင်ကစားသမားဟာ စနေနေ့တုန်းက ဖူလ်ဟမ်ကို ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဆာဆာလူကစ်ရဲ့ ဖျက်ထုတ်မှု အနည်းငယ်သာထိပေမဲ့ အလွန်အမင်းနာကျင်ဟန်ဆောင်မှုအတွက် ဝေဖန်ခြင်းခဲ့ရပါတယ်။

အဲရစ်တန်ဟက်က “ဖောရက်စ်က သူ့ကို ပစ်မှတ်ထားနေတာ ခင်ဗျားတို့ တွေ့ကြသလား။ သူ့ကို ပြစ်ဒဏ်ကျူးလွန်တာ အများကြီးပဲ။ သူ ဘောလုံးရတာ လူချခံရတော့တာပဲ”လို့ ပြောကြားသွားပါတယ်။

အသက် ၂၉ နှစ်ရှိ ပေါ်တူဂီစတားအား ဝေဖန်နေမှုနှင်ပတ်သက်ပြီး တန်ဟက် က “ဆိုရှယ်မီဒီယာမှာ သူ့ကို ဝေဖန်နေတာ တွေ့ပါတယ်။ သနားစရာကောင်းတယ်။ သူဟာ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ ဒါပေမဲ့ စနေနေ့တုန်းက ဆက်ကစားခဲ့တယ်။ အခုပွဲမှာလည်း ပါဝင်နိုင်အောင် တိုက်ပွဲဝင်ပြန်တယ်”လို့ ပြောကြားသွားပါတယ်။

ဒါပေမဲ့ နော်တင်ဟမ်ဖောရက်စ်နည်းပြနူနိုအက်စ်ပီရီတိုကတော့ သူ့ကစားသမားများမှာ ဘရူနိုဖာနန်ဒက်စ်အား ပစ်မှတ်ထား လူချကစားခဲ့ခြင်း မရှိကြောင်း ငြင်းဆိုသွားပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် လီဗာပူးနှင့် ရင်ဆိုင်ကစားရပါမယ်။