အန်တိုနီရေ.. ဒါပဲ လုပ်တတ်တယ်ဆို မဖြစ်ဘူးလေ ဆိုပြီး ဝေဖန်ထောက်ပြသွားတဲ့ အလန်ရှီးယား
အင်္ဂလန်ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး အလန် ရှီးယားက ဗုဒ္ဓဟူးနေ့ညက နော်တင်ဟမ်ဖောရက်စ်ကို မန်ချက်စတာ ယူနိုက်တက် ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အတွင်း အန်တိုနီကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ကက်စမီရိုဟာ ၈၉ မိနစ်မှာ မန်ချက်စတာယူနိုက်တက်ကို ကွာတားဖိုင်နယ်အဆင့် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့အသင်းက ပြီးခဲ့တဲ့ရာသီတုန်းက ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖောရက်စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲက ခြေစွမ်းဟာ အားရစရာမရှိခဲ့ဘဲ နယူးကာဆယ်ဂန္တဝင် အလန်ရှီးယားက ၇၃ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် စိတ်ပျက်လက်ပျက် အမူအရာမျိုး ထပ်မံပြသခဲ့တဲ့ အန်တိုနီကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။
“သူ လူစားလဲခံခဲ့ရလို့ စိတ်ပျက်နိုင်ပါတယ်။ ဒါပေမယ့် သူ ဒီည ကွင်းထဲမှာ ဆက်ရှိနေဖို့အတွက် လုံလောက်တယ်ဆိုတဲ့နားလောက် ရောက်အောင်တောင် ဘယ်နေရာမှာမှ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ထူးမခြားနားပါပဲ။
အထဲကို ချိုးဝင်မယ်။ တစ်ယောက်ယောက် ပေးရင်ပေး ဒါမှမဟုတ်ရင် လှမ်းကန်မယ်။ ခင်ဗျားအတွက် ဒီလောက် ပိုက်ဆံအများကြီး ပေးထားရတဲ့အခါမှာ အဲဒါလေး လုပ်နိုင်ရုံလောက်နဲ့ မလုံလောက်ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။