ရေးဗားပလိတ်က လူငယ်ကြယ်ပွင့်လေး မာစတန်တူနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ အာဂျင်တီးနား နာမည်ကြီးကလပ် ရေးဗားပလိတ်နဲ့အတူ စတင် တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် မာစတန်တူနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ မာစတန်တူနိုက ရေးဗားပလိတ်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး သူက ဇန်နဝါရီလ ၂၈ရက်နေ့မှ စတင်ကာ ရေးဗားပလိတ် အတွက် ပါဝင် ကစားခွင့် ရနေပါတယ်။

မာစတန်တူနိုက ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိပြီး လိုအပ်ရင် ညာတောင်ပံမှာ ထွက်ကစားနိုင်စွမ်း ရှိကာ လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း မြင့်မားတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်ပဲ ဖြစ်ပါတယ်။

မာစတန်တူနိုက လက်ရှိ ချယ်ဆီးကြယ်ပွင့် ပါလ်မာနဲ့ ကစားပုံ ဆင်တူပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ရေးဗားပလိတ် အတွက် ပြိုင်ပွဲစုံမှာ ၃၃၃မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပါတယ်။

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က မာစတန်တူနိုရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့်မှုတွေ လုပ်နေကြသလို လာမယ့် နွေဈေးကွက်မှာ မာစတန်တူနိုကို ခေါ်ယူဖို့ အစီအစဉ် ရေးဆွဲနေကြောင်း သိရှိရပါတယ်။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အပြင် ဘာစီလိုနာကလည်း မာစတန်တူနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မာစတန်တူနိုကတော့ ဘာစီလိုနာ အစား မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ ပိုမို စိတ်အားထက်သန်နေကြောင်း ရေးဗားပလိတ်နဲ့ နီးစပ်တဲ့ သတင်းတွေက ဖော်ပြနေကြပါတယ်။