လူကို ကြိုက်သလို ဝေဖန်လို့ရတယ်၊ မန်ယူနဲ့ ပတ်သတ်ပြီး မေးခွန်းမထုတ်နဲ့ လို့ အပြတ်ပြောလာတဲ့ ရက်ဖို့ဒ်
မန်ယူ တိုက်စစ်မှုး မားကပ်စ်ရက်ဖို့ဒ်က မိမိရဲ့ ယူနိုက်တက်အတွက် ပေးဆပ်လိုမှုအား မေးခွန်းထုတ်တဲ့ လူများအနေဖြင့် လူသားဆန်မှုကို ပြသရန် လိုအပ်နေကြောင်း တန်ပြန်စကား ပြောကြားလာပါတယ်။
အသက် ၂၆ နှစ်ရှိ ရက်ဖို့ဒ်ဟာ ယခုရာသီတွင် ယူနိုက်တက်အတွက် ၅ ဂိုးတည်းသာ သွင်းထားနိုင်ပြီး ကွင်းပြင်ပပြဿနာများနှင့် ကြုံနေရသူ ဖြစ်ပါတယ်။

ရက်ဖို့ဒ်က “ယူနိုက်တက်အတွက် ကျုပ်ရဲ့ ပေးဆပ်လိုစိတ်ကို မေးခွန်းထုတ်တယ်ဆိုရင် ကျုပ်ဘက်ကလည်း ပြောရမှာပေါ့။ ဒါက ကျုပ်ရဲ့ Identity ကို မေးခွန်းထုတ်တာနဲ့အတူတူပဲ။ ယောကျာ်းတစ်ယောက်လို ကျုပ် အားလုံး ရပ်တည်မဲ့အရာပါ။
ကျုပ်က ဒီမှာပဲ ကြီးလာတယ်။ ကလေးဘဝကတည်းက ဒီမှာ ကစားလာတယ်။ ဒီ လိုဂိုကို ဝတ်လိုက်ချိန်မှာ ကျုပ်မိသားစု ငွေကြေးဘဝ ပြောင်းလဲသွားခဲ့တာလေ”လို့ ပြောကြားသွားပါတယ်။
မန်ချက်စတာဖွားရက်ဖို့ဒ်ဟာ ယူနိုက်တက် အကယ်ဒမီ အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးနောက် ၂၀၁၆ ခုနှစ်တွင် အသက် ၁၈ နှစ်အရွယ်မှာ ပထမအသင်းအတွက် စတင်ကစားခွင့်ရခဲ့ပါတယ်။
သူဟာ ယူနိုက်တက်အတွက် ၃၉၁ ပွဲကစားထားရာမှာ ၁၂၈ ဂိုးသွင်းပေးထားပါတယ်။ ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် ဂိုး ၃၀ သွင်းယူကာ အကောင်းဆုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပြီးနောက် စာချုပ်သစ်ချုပ်ဆိုခဲ့ပေမဲ့ ယခုရာသီတွင် အကောင်းဆုံးပုံစံ ဆက်တိုက်ပြသနိုင်ရန် ရုန်းကန်ခဲ့ရပါတယ်။
ယူနိုက်တက်မှာလည်း ပရီးမီးယားလိဂ် ၂၆ ပွဲကစားပြီးချိန်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
ဆက်လက်ပြီး ရက်ဖို့ဒ်က “ဝေဖန်မှုကို ခံနိုင်တယ်။ သတင်းစာတွေမှာ ရေးတာ ခံနိုင်တယ်။ Postcast၊ ဆိုရှယ်မီဒီယာ၊ သတင်းစာတွေမှာ ရေးတာလည်း ခံနိုင်တယ်။ ဒါပေမဲ့ ဒီကလပ်အပေါ် ကျုပ်ရဲ့ ပေးဆပ်လိုစိတ်၊ ဘောလုံးကို ချစ်စိတ်၊ ကျုပ်မိသားစုကိုလည်း ဆွဲထည့်လာပြီဆိုရင်တော့ ခင်ဗျားကို လူသားနည်းနည်းပိုဆန်ဖို့ လိုနေပြီလို့ပဲ ပြောပါရစေ”လို့ ပြောကြားသွားပါတယ်။
ရက်ဖို့ဒ်ဟာ ဇန်နဝါရီလတုန်းက ဘဲလ်ဖတ်စ်တွင် နိုက်ကလပ်တက်ပြီးနောက် တစ်ရက်အကြာတွင် ဖျားနေတယ်လို့ လိမ်ညာကာ လေ့ကျင့်ခန်းမဆင်းခဲ့ပါဘူး။ သူဟာ ယင်းဖြစ်ရပ်အတွက် နှစ်ပတ်စာလုပ်ခ ပေါင် ၆၅၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။
သူဟာ နိုဝင်ဘာလတုန်းကလည်း မြို့ခံပြိုင်ဘက် မန်စီးတီးအား ရှုံးနိမ့်ပြီးနောက် မွေးနေ့ပါတီပွဲ ပြုလုပ်မှုအတွက် နယူးကာဆယ်နှင့်ပွဲ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။