အသင်းသား တစ်ယောက်ကြောင့် မန်ချက်စတာ ယူနိုက်တက် စိတ်ရှိတိုင်း တက်ပြီး တိုက်စစ်မဆင်ရဲတာလို့ ရွိုင်ကိန်း သုံးသပ် ထောက်ပြ

သရဲနီဟောင်းကြီး ရွိုင်ကိန်း က ဟာရီ မက်ဂွိုင်းယားဟာ ပြိုင်ဘက်တွေကို ဖိအားပေးဖို့ကို အတားအဆီးတစ်ခု ဖြစ်နေမှာကို မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေက ကြောက်ရွံ့နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ခံစစ်ပိုင်း ယိုယွင်းပျက်စီးနေမှုက ပြီးခဲ့တဲ့အပတ် စနေနေ့က ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဟာရီ မက်ဂွိုင်းယားရဲ့ ခံစစ်မှာ မလျင်မြန်တာကြောင့် ရှေ့မတက်ရဲဖြစ်နေတာက အသင်းဖော်တွေအတွက် အတော် ကြောက်ရွံ့စရာဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

“သူတို့တွေ ရှေ့တက်ပြီး ဖိအားမပေးကြဘူး။ ကျွန်တော် အဲဒါကို မက်ဂွိုင်းယားအပေါ် ပုံ မချချင်ပါဘူး။ ဒါပေမယ့် အမြဲတမ်း တခြား ထိပ်တန်းအသင်းတွေ လုပ်နေတဲ့အတိုင်း မက်ဂွိုင်းယား ရှေ့တက်လာပြီး ကွင်းတစ်ဖက်ခြမ်းထိ ထိုးဖောက်ဖို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

တစ်ချိန်လုံး သူနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေက ရှိနေပါတယ်။ ဟာကွက်တွေ ကျန်နေခဲ့တာမျိုးပေါ့။ သူတို့တွေက အကုန်လုံး တိုက်စစ်ဆင်ဖို့ကို သေလောက်အောင် ကြောက်နေကြတယ်။

ဘာလို့လဲဆိုတော့ ငါတို့တွေ အကုန် အရှေ့တက်သွားရင် သူတစ်ယောက်တည်း ပြဿနာတက်လိမ့်မယ်ဆိုတဲ့အတွေးမျိုး တွေးနေကြလို့ပါ။” လို့ ရွိုင်ကိန်းက သုံးသပ်ခဲ့ပါတယ်။

ရွိုင်ကိန်း က ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း တိုက်စစ်မှာ ဖိအားပေးမှုကို ဦးဆောင်နိုင်စွမ်း မရှိခဲ့ကြဘူးလို့ ယုံကြည်နေပြီး

“မန်ချက်စတာယူနိုက်တက်က ဖိအားပေးနိုင်မယ့် ကစားသမားမျိုး မရှိပါဘူး။ ဖာနန်ဒက်စ်က အဲဒီလို လုပ်မှာမဟုတ်ဘူး။ ရက်ရှ်ဖို့လည်း လုပ်မှာမဟုတ်ဘူး။ သူတို့တွေ ၅ မိနစ်၊ ၁၀ မိနစ်လောက်တော့ လုပ်ရင်လုပ်မှာပေ့ါ။

ခင်ဗျားက ပြိုင်ဘက်ကို ဖိအားပေးတဲ့အသင်းမျိုးပိုင်ဆိုင်ထားတာမဟုတ်ဘူးဆိုရင်တော့ ဟိုတကွက် ဒီတကွက်နဲ့ ဘာမှ အရာထင်မှာမဟုတ်ဘူး။ မန်ချက်စတာယူနိုက်တက်က ဖိအားပေးတဲ့အပိုင်းမှာ ဘယ်တော့မှာ ကောင်းမွန်လာမယ့်အသင်းမျိုး မဟုတ်ဘူး”လို့ ပြောဆိုခဲ့ပါတယ်။