တန်ဟက်ကို ရက်ကလစ်တို့ ဆက်ထားမှာ မဟုတ်ဘူး၊ ဒီနည်းပြ ပြုတ်တော့မှာ ဆိုတဲ့ စခိုးလ် ရဲ့ မျှော်လင့် သုံးသပ်စကား

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ပေါလ်စခိုးလ်က သူ့ရဲ့ အသင်းဟောင်းဟာ မကြာခင်မှာ လက်ရှိနည်းပြ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိမ့်မယ်လို့ ညက မန်ချက်စတာဒါဘီပွဲ အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါလ်စခိုးလ်ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ ယူနိုက်တက်က စီးတီးကို ၃-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ နှစ်သင်းစလုံးက နိုင်ပွဲရရှိစေမယ့် အကောင်းဆုံး လူစာရင်းတွေကို ထုတ်သုံးခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က ပွဲချိန် ၈မိနစ်မှာပဲ အဓိက တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ယူနိုက်တက်ဘက်ကို တသင်းလုံးနီးပါး တက်ကာ တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဖိုဒန်ရဲ့ အံ့မခန်း ခြေစွမ်းတွေနဲ့အတူ စီးတီးက ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် သွင်းယူခဲ့ပါတယ်။

စီးတီးအတွက် သွင်းဂိုးတွေကို ပွဲချိန် ၅၆မိနစ်နဲ့ ၈၀မိနစ်တွေမှာ ဖိုဒန်နဲ့ ပွဲချိန် ၉၁မိနစ်မှာ ဟာလန်းတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ပွဲအပြီးမှာတော့ ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုးလ်က ယူနိုက်တက်ရဲ့ ခံစစ် အားပြုလွန်းတဲ့ ကစားဟန်ကို ဝေဖန်မှုတွေ လုပ်ခဲ့သလို ယူနိုက်တက်နည်းပြ တန်ဟက် ဟာ လာမယ့်ရာသီမှာ ယူနိုက်တက် နည်းပြ အဖြစ် ဆက်လက် ရှိနေမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောလာခဲ့ပါတယ်။

ပေါလ်စခိုးလ်က – “ကျွန်တော်ကတော့ INEOSဟာ နည်းပြရာထူး အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် တရပ်ကို ချမှတ်ပြီးပြီလို့ ထင်ပါတယ်။

တန်ဟက် က လာမယ့်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ရှိနေနိုင်မယ်လို့ မထင်ပါဘူး။ INEOS ဟာ အခုချိန်ကတည်းက နည်းပြသစ်ကို ရှာနေမယ် ဆိုရင်တောင် ကျွန်တော်က အံ့ဩမိမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။