မန်ယူက မန်စီးတီးနဲ့ ခြေစွမ်း သိပ်မကွာဘူး၊ ပွဲကို နိုင်တောင် နိုင်ခဲ့ရမှာ လို့ အံ့ဖွယ် ပြောဆိုလာတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က မန်ချက်စတာဒါဘီပွဲ ရှုံးခဲ့ပေမယ့် သူတို့အသင်းရဲ့ခြေစွမ်းက မန်စီးတီးနဲ့အပြတ်အသတ် မကွာဘဲ မန်ယူကတောင် အနိုင်ရသင့်တယ်လို့ အံ့ဖွယ် ဆင်ခြေပေးခဲ့ပါတယ်။

၃-၁ နဲ့ မန်ယူ ရှုံးခဲ့တဲ့ အဲဒီပွဲမှာ မန်စီးတီးအသင်းက ဂိုးပေါက်ကန်ချက် ၂၇ ကြိမ်အထိပြုလုပ်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၇၃.၃ % အထိရှိခဲ့ပြီး ယူနိုက်တက်အသင်းကတော့ တစ်ပွဲလုံးမှ ဂိုးပေါက်ကန်ချက် ၃ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။

အဲရစ်တန်ဟက်ကတော့ ဖိုဒန်ရဲ့ချေပဂိုးမတိုင်ခင် ရပ်ရှ်ဖို့ဒ်ကို ဝေါ်လ်ကာက ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ယူဆနေပြီး ဂါနာချိုကိုလည်း အီဒါဆင် တားဆီးပုံက ကြမ်းတမ်းခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာဒါဘီပွဲအပြီး အင်တာဗျူးမှာ မီဒီယာတွေက မန်စီးတီးနဲ့ယူနိုက်တက်တို့ကြားမှာ ခြေစွမ်းကွာဟချက် ကြီးမားနေပြီလားလို့ မေးခွန်းထုတ်ခဲ့တော့ အဲရစ်တန်ဟက်က

“No ပါ . . ကျွန်တော်ကတော့ လုံး၀ အဲဒီလို မထင်ပါဘူး။ အသင်းမှာ ဒဏ်ရာပြဿနာတွေရှိနေတာ ခင်ဗျားတို့ အမြင်ပဲဖြစ်ပြီး အခုပွဲမှာလည်း ကျွန်တော်တို့ အခွင့်အရေးတွေရခဲ့ပါတယ်။ နောက်ပြီး အခုပွဲမှာ ကျွန်တော်တို့ ဂိုးကွာခြားချက် နည်းနည်းနဲ့ပဲ ရှုံးခဲ့တာပါ။

ရပ်ရှ်ဖို့ဒ်ရဲ့ဖြစ်ရပ်မှာ ဝေါ်လ်ကာဟာ ဘောလုံးဖျက်ထုတ်ခဲ့တယ်လို့တော့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်က ဝေါ်လ်ကာနဲ့ထိမိခဲ့တယ်လို့ ကျွန်တော့်ကို အသိပေးခဲ့ပြီး ရုပ်သံပြန်ကြည့်တော့လည်း သာမန်အနေအထားလောက်သာရှိပါတယ်။ ဒါပေမဲ့လည်း အရှိန်နဲ့ပြေးနေချိန်မှာ နည်းနည်းလောက်ထိတာနဲ့ ကစားသမားတစ်ယောက်က ပုံပျက်ပန်းပျက်ဖြစ်သွားလေ့ရှိတာပါပဲ။

ကျွန်တော်တို့အသင်းဟာ ဒုတိယဂိုးရဖို့ အခြေအနေကောင်း ရခဲ့ပေမဲ့ မန်စီးတီးဂိုးသမားရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် မအောင်မြင်ခဲ့ဘဲ သိပ်မကြာခင်မှာ ကျွန်တော်တို့ ဂိုးပေးခဲ့ရပါတယ်။ အသင်းမှာသာ အခုထက် လူပိုစုံမယ်ဆိုရင် ခြေစွမ်းက အခုထက် ပိုကောင်းမှာ အသေအချာပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။