ယူနိုက်တက်မှာ ဒဏ်ရာ ပြသနာတွေ များနေတဲ့ အကြောင်းအရင်းက နည်းပြ တန်ဟက်ကြောင့်လို့ စီနီယာ ကစားသမားတွေ ယူဆ

မန်ချက်စတာ ယူနိုက်တက် စီနီယ ာကစားသမားအများစုဟာ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်း အစီအစဉ်အပေါ် စိတ်ပျက်နေကြတယ်လို့ သတင်းထွက်လာပါတယ်။

အဲရစ်တန်ဟက်ဟာ ကစားသမားတချို့ဆီကနေ သူ လိုချင်တဲ့ တောင်းဆိုမှုက အလွန်အကျွံဖြစ်နေတယ်လို့လည်း ယူနိုက်တက်ကစားသမားတွေက ယုံကြည်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာ၊ အဖျားရောဂါတွေကြောင့် ကစားသမားတွေ အနားယူခဲ့ရတာက ၄၇ ကြိမ် အထိရှိပြီး ကစားသမားတစ်ယောက်ချင်းစီဟာ အနည်းဆုံး ၁ ပွဲလောက် လွဲချော်ခဲ့ပါတယ်။

မန်စီးတီးကို ၃-၁ ဂိုးနဲ့ရှုံးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမား ၉ ဦးအထိ မပါဝင်နိုင်ဘဲ အခုလောလောဆယ် ဒဏ်ရာပြဿနာ လုံးဝမရှိတာဆိုလို့ ဘရူနိုဖာနန်ဒက်စ်၊ ဒါလော့တ်၊ ဂါနာချိုတို့သာ ရှိနေပါတယ်။

အဲရစ်တန်ဟက်ဟာ ကစားသမားတွေဆီကနေ အများကြီးလုပ်ပြတာမျိုးကို လိုချင်နေပြီး အဲဒါက ယူနိုက်တက်ကစားသမားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းစာက သုံးသပ်ခဲ့ပါတယ်။

အဲရစ်တန်ဟက်ရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကြောင့် ကစားသမားတွေ မကြာခဏ ဒဏ်ရာရတာမျိုးတွေဖြစ်နေပြီး မန်စီးတီးနဲ့ပွဲတုန်းကလည်း ရပ်ရှ်ဖို့ဒ်၊ အီဗန်စ်တို့ဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှု မရှိလို့ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အဲရစ်တန်ဟက်က “ရပ်ရှ်ဖို့ဒ်နဲ့ အီဗန်စ်တို့ နှစ်ဦးစလုံးကို ကျွန်တော် မဖြစ်မနေ လူစားထိုးခဲ့ရပါတယ်။

သူတို့က ပွဲချိန်ပြည့်ပါဝင်ကစားချင်ကြပေမဲ့လည်း မိနစ် ၆၀ နဲ့ ၇၀ ကျော်မှာတော့ အခြေအနေအရ သူတို့ကို လူစားလဲခဲ့ရတာဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်နဲ့ အီဗန်စ်တို့ရဲ့ ကြံ့ခိုင်မှုအနေအထားက အရမ်းကြီး မဆိုးရွားဖို့ မျှော်လင့်ပြီး အဲဗာတန်နဲ့ပွဲကျရင် သူတို့နှစ်ဦး ပါဝင်ကစားနိုင်ဖို့ရှိပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။