မန်ယူမှာ ကစားရင်း အမ်မရာဘတ် ရဲ့တန်ကြေး ကျဆင်းလာတာကို စိုးရိမ်လို့ ဖီအိုရင်တီးနား ဆယ်တင်ရန် စီစဉ်နေ

ဖီအိုရင်တီးနားအသင်းဟာ အငှားစေလွှတ်ထားတဲ့ အမ်မရာဘတ်ရဲ့ခြေစွမ်းတွေကြောင့် ပြောင်းရွှေ့ကြေးကျဆင်းသွားနိုင်တဲ့အပေါ် စိုးရိမ်နေကြောင်း သိရပါတယ်။

အမ်မရာဘတ်ဟာ ယူနိုက်တက်မှာ နေရာမရဖြစ်နေသလို ပါဝင်ရတဲ့ပွဲတွေမှာလည်း ခြေစွမ်းမပြနိုင်တာကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မော်ရိုကိုသားရဲ့မတည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ယူနိုက်တက်ကလည်း အပြီးသတ်ခေါ်ယူလိုခြင်းမရှိဘဲ အီတလီကလပ်ထံ ပြန်လွှတ်ဖို့များကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ဖီအိုရင်တီးနားဘက်ကလည်း ဆိုယန် အမ်မရာဘတ်အား နွေရာသီတွင် အသင်းသို့ ပြန်ခေါ်ဆောင်ရေး အသင့် ပြင်ထားပြီး ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ မော်ရိုကို အလယ်တန်း ကစားသမားဟာ နွေရာသီတုန်းက ဖီအိုရင်တီးနားမှ ယူနိုက်တက်သို့ တစ်ရာသီအငှားဖြင့် ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ ယူနိုက်တက်တွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခြင်း မရှိသေးသလို အသင်းရဲ့ လိုအပ်ချက် အရ ဘယ်နောက်ခံလူအဖြစ် ကစားနေရပါတယ်။

အမ်မရာဘတ်ဟာ မန်စီးတီးကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲတွင် ပွဲပြီးဖို့ ၈ မိနစ်အလိုမှာ ကိုဘီမိုင်နိုးအစား လူစားဝင်ရောက်ကစားခဲ့ပြီးနောက် အမှားပြုလုပ်ကာ အာလင်းဟာလန်း ဂိုးသွင်းနိုင်အောင် လက်ဆောင်ပေးခဲ့ပါတယ်။

သူဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ၂၇ ပွဲတွင် ၇ ပွဲတည်းသာ ပွဲထွက်ခွင့်ရထားပြီး ၆ ပွဲကို အရန်အဖြစ် ကစားထားတာပါ။

ဖီအိုရင်တီးနားဟာ အမ်မရာဘတ်ရဲ့ ပြောင်းရွှေ့ကြေး တန်ဖိုး ကျဆင်းနေမှုအပေါ် စိုးရိမ်လျက်ရှိနေပြီး အသင်းသို့ ပြန်ရောက်လာချိန်တွင် တစ်နှစ်ကျန်စာချုပ်အား သက်တမ်းတိုးမှု ပြုလုပ်ရန် စီစဉ်ထားပါတယ်။