ပရီးမီးယားလိဂ် နည်းပြ တစ်ဦးကို ခေါ်ယူဖို့ မန်ယူ၊ လီဗာပူး၊ ချယ်ဆီးနဲ့ ဘာစီလိုနာ တို့ အပြိုင် မေးမြန်းနေ
လာမယ့် ရာသီ နည်းပြ အပြောင်းအလဲ လုပ်ဖို့ ရှိနေတဲ့ ဘာစီလိုနာ၊ လီဗာပူး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ဟာ လာမယ့်ရာသီ မန်နေဂျာသစ်တွေ ခန့်အပ်ဖို့ နည်းပြတစ်ဦးကို အပြိုင် မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီ ဥရောပ ကလပ်အသင်းကြီး ၄ သင်းလုံးဟာ လက်ရှိ ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန်အသင်း နည်းပြ ဒီဇာဘီကို လာမယ့်နွေမှာ ခေါ်ယူလို့ရနိုင်မလားနဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးတွေကို မေးမြန်း စုံစမ်းခဲ့ကြတာပါ။

၂၀၂၂ မှာ ဂရေဟမ် ပေါ်တာ နေရာ အစားဝင်ဖို့ ဘရိုက်တန်ကို ရောက်လာခဲ့တဲ့ အီတလီသား နည်းပြဟာ ကလပ်သမိုင်းမှာ ပထမဆုံးအကြိမ် ယူရိုပါလိဂ် ဝင်ကစားခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီရာသီမှာ ကိုင်ဆီဒို၊ မက်ကယ်လစ္စတာတို့လို အဓိက ကစားသမားတွေ လက်လွတ်ထားရပေမယ့် အင်္ဂလန်ပြည်တွင်းနဲ့ ဥရောပပွဲတွေမှာ ဟန်ချက်ညီဖို့ ဒီဇာဘီက ကြိုးစားပေးနေဆဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းက ရာသီကုန်ရင် ထွက်ခွာသွားမယ့် မန်နေဂျာယာဂင်ကလော့ပ် နေရာမှာ အစားထိုးဖို့ ဦးစားပေး ပစ်မှတ်ဖြစ်တဲ့ ဇာဗီ အလွန်ဆိုကို မရရင် ဒီဇာဘီကို ကြိုးစားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကလည်း ရာသီကုန်မှာ တန်ဟက်နဲ့ ပိုချက်တီနိုတို့ကို ထုတ်ပယ်ပြီး ဘရိုက်တန်နည်းပြနဲ့ အစားထိုးချင်နေပါတယ်။
ဘာစီလိုနာကလည်း ဒီဇာဘီကို အလိုရှိနေကာ ကလပ်တွေဘက်က သူ့ကို ခေါ်ယူလိုတယ်ဆိုရင် အနည်းဆုံး ပေါင် ၁၂ သန်းကို စာချုပ်ဖျက်သိမ်းကြေး ပေးရမယ်လို့ သိရပါတယ်။