အဲဗာတန်ကို ၃-၄ ဂိုး ပြတ်လောက်နဲ့ နိုင်ရမှာ လို့ မချင့်မရဲ ပြောနေတဲ့ ယူနိုက်တက် နည်းပြ တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က သူတို့အသင်းအနေနဲ့ ညက အဲဗာတန်ကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ် ဟာ ၂-ဝ ထက် ပိုမိုပြီး ပြတ်သားတဲ့ ရလဒ်မျိုး ဖြစ်သင့်သလို (၃) (၄)ဂိုးလောက် အလွယ်တကူ သွင်းယူနိုင်တယ်လို့ပါ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်က အဲဗာတန်ကို ပေးဂိုးတောင် ခွင့်မပြုရပဲ (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး (၃)မှတ် ရယူနိုင်ခဲ့ပေမယ့် တန်ဟက် ကတော့ သူ့အသင်းဟာ ဒီပွဲမှာ ဒီထက်မကတောင် အပြတ်အသတ် စွမ်းဆောင်နိုင်ခဲ့ရမှာလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

“ဒီပွဲမှာ (၃) (၄)ဂိုးလောက်အထိ လွယ်လွယ်ကူကူ သွင်းယူနိုင်ခဲ့ရမှာ။ တစ်ပွဲလုံးမှာလည်း ကျွန်တော်တို့ရဲ့ Expected Goals xG ကလည်း အဲဗာတန်အသင်းထက် သာလွန်နေတာကို မြင်တွေ့နိုင်ပါလိမ့်မယ်။ Build-up လုပ်တဲ့ အခါကျရင်တော့ အသင်းက ပိုပြီး တည်ငြိမ်မှု ရှိရှိနဲ့ ကစားနိုင်တယ်လို့ ကျွန်တော်ထင်တယ်။”
“ဂါနာချိုကလည်း အတော်လေး ခြေစွမ်းပိုင်း တိုးတက်လာခဲ့တယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း ကျေနပ်နေရပါတယ်။
ဒီနေ့ပွဲအတွက် သူရဲ့ ဂိုးပါဝင်ပတ်သက်နိုင်မှုက အတော်လေးကို ကြီးမားခဲ့ပါတယ်။ ကောင်းမွန်တဲ့ အလိမ်အခေါက်တွေ လုပ်ဆောင်ခဲ့သလို ထိုက်တန်တဲ့ ပင်နယ်တီတွေကိုလည်း ရယူနိုင်ခဲ့တယ်။” လို့ တန်ဟက် က ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာတော့ တန်ဟက်ဂ်ရဲ့ မန်ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၆)နေရာမှာ ရပ်တည်နေပါတယ်။
ဒီ တနင်္ဂနွေနေ့မှာပဲ အဆင့်(၄)က ဗီလာနဲ့ အဆင့်(၅)က စပါးတို့ ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်လို့ ဒီပွဲမတိုင်ခင် နိုင်ပွဲရထားတဲ့ ယူနိုက်တက်က အခွင့်အရေးကောင်းတစ်ခုကို ဖန်တီးထားနိုင်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။