ပွဲတိုင်းက ဖိုင်နယ်ပဲ၊ ပွဲတိုင်း အနိုင်ကန်မှာ ဆိုတဲ့ ပင်နယ်တီ နှစ်လုံး ဖန်တီးရှင် ဂါနာချို ရဲ့ ပွဲပြီး ကြွေးကြော်သံ
မန်ချက်စတာ ယူနိုက်တက်ဟာ စနေညက အိမ်ကွင်းမှာ အဲဗာတန်ကို ဧည့်ခံကစားပြီး ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် အဆင့် ၅ နေရာက စပါးနဲ့ ၃ မှတ်အကွာကို ပြန်နီးကပ်လာပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ ဖာနန်ဒက်စ်နဲ့ ရက်ဖိုဒ့်တို့ရဲ့ ပင်နယ်တီတွေအတွက် ကွင်းထဲ ဖန်တီးပေးခဲ့တဲ့ ဂနာချိုက ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဂနာချိုက ” ပြီးခဲ့တဲ့ ၂ ပွဲကို ရှုံးထားခဲ့တော့ ဒီပွဲ အနိုင်ရဖို့က အရေးကြီးခဲ့ပါတယ်။ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားချင်တာကြောင့် ဒီပွဲ အနိုင်ရတာကို သိပ်ပျော်မိပါတယ်။
မန်နေဂျာက အခုကစလို့ ပွဲတိုင်းက ဖိုင်နယ်ပဲလို့ သတိပေးထားပါတယ်။ ကျနော်တို့ ပွဲတိုင်းကို အနိုင်ရအောင် ကစားမှာပါ။ ကျနော်တို့က မန်ချက်စတာ ယူနိုက်တက်ပါ။ ဒီနေ့မှာတော့ နိုင်ပွဲယူရမယ့် အလုပ်ကို ပြီးမြောက်ခဲ့ပါတယ်။
တစ်ဦးချင်း အခြေအနေတွေမှာ ကန်သွင်းတာ ဒါမှမဟုတ် ဖြတ်ကျော်ဖို့ ကြိုးစားတာ လုပ်ဖို့ မန်နေဂျာက မှာခဲ့ပြီး ကျနော် ပင်နယ်တီ ၂ ကြိမ် အောင်မြင်ခဲ့ပါတယ်။ ဒါက အရေးကြီးပါတယ်။
ကျနော် အသက်အရွယ်မှာ ဒါမျိုးက အိပ်မက်တစ်ခုပါပဲ။ အိုးထရတ်ဖိုဒ့် ကွင်းတစ်ခုလုံး ကျနော်နာမည်ကို အော်ဟစ် အားပေးကြတာက မယုံနိုင်စရာ ကောင်းပါတယ်။ ကျနော် အရမ်း ပျော်ပြီး အရမ်း ဂုဏ်ယူပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
တိုက်စစ်သမား ဂနာချိုဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ယူနိုက်တက်အတွက် တစ်ပွဲတည်း ပင်နယ်တီ ၂ ကြိမ် ရယူပေးတဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။