မန်ချက်စတာ ယူနိုက်တက် အတွက် သန်း ၆ဝ တန် ကစားသမား ပြန်လာပါပြီ
ဒဏ်ရာကြောင့် ၄ လကြာ အနားယူနေရတဲ့ မန်ယူအသင်း ကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ အသင်းနဲ့အတူ ပြန်လည် လေ့ကျင့်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့နွေ မန်ယူအသင်းထံ ပေါင် သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် ကြယ်ပွင့် ကစားသမား ဟာ လူတန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်ပြီးကတည်းက အသင်းအတွက် ပြန်လည် ကစားပေးနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

မောင့်ဟာ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ယခုလို ကာလရှည် အနားယူနေရသူ တစ်ယောက်ဖြစ်ပါတယ်။
လက်ရှိ အချိန်အထိ မန်ယူအသင်းအတွက် ၁၂ ပွဲသာ ပါဝင်ကစားပေးထားနိုင်သေးတဲ့ မေဆွန်မောင့်ဟာ ကြံ့ခိုင်မှု အနေအထားတွေကြောင့် အသင်းနဲ့အတူ လေ့ကျင့်နိုင်ခြင်း မရှိခဲ့တာဖြစ်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ အသင်းလေ့ကျင့်ရေး အစီအစဉ်တွေမှာတော့ အသင်းဖော်တွေနဲ့ လာရောက် ပူးပေါင်းခဲ့ပါတယ်။
မန်ယူအသင်းကလည်း မေဆန်မောင့်တစ်ယောက် ကြံံ့ခိုင်မှု တိုးတက်လာခဲ့ပြီဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်ကနေ ပရိသတ်တွေ အသိပေးထားပြီး သိပ်မကြာခင်မှာပဲ အသင်းအတွက် ကစားပေးနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
နည်းပြ တန်ဟတ် ကိုယ်တိုင်ကလည်း မေဆန်မောင့်တစ်ယောက် လာမယ့်နိုင်ငံတကာကြားရက်အပြီး အသင်းအတွက် ပြန်လည် ကစားပေးလာနိုင်ဖို့ ရှိနေကြောင်း အင်တာဗျူးမှာ ဖြေဆိုသွားခဲ့တာကြောင့် အသင်းရဲ့ လူစာရင်းအင်အားက ပိုမို တောင့်တင်းလာတော့မှာ ဖြစ်ပါတယ်။