မန်ချက်စတာ ယူနိုက်တက် အသည်းကွဲအောင် လုပ်ချသွားတဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်း
ဒူးအရွတ် ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းလူစာရင်းမှာ အံ့အားသင့်စရာ ရွေးချယ်ခံခဲ့ရပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ဖေဖော်ဝါရီလတုန်းက ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အနည်းဆုံး ၈ ပတ်ကြာတဲ့အထိ အနားယူရမှာဖြစ်ပါတယ်။

အခုလောလောဆယ် လီဆန်ဒရိုမာတီနက်ဇ်ရဲ့ဒဏ်ရာ သက်သာလာအောင် ယူနိုက်တက်အသင်းက အစီအစဉ်ချမှတ်ဆောင်ရွက်နေပေမဲ့ လီဆန်ဒရိုမာတီနက်ဇ်အနေနဲ့ အစောဆုံးအဖြစ် မတ်လ ၃၀ ရက်ကျရင် ဘရန့်ဖို့ဒ်နဲ့ကစားမဲ့ပွဲမှ အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။
အာဂျင်တီးနားအသင်းဟာ အခု မတ်လ ၂၂ ရက်၊ ၂၆ ရက်တွေမှာ အယ်လ်ဆာဗေးဒိုး၊ ကော်စတာရီကာတို့နဲ့ ခြေစမ်းပွဲတွေကစားသွားမှာဖြစ်ပြီး အဲဒီပွဲတွေအတွက် လူစာရင်းမှာ လီဆန်ဒရိုမာတီနက်ဇ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကလည်း အာဂျင်တီးနားအသင်းနဲ့ပူးပေါင်းဖို့ လီဆန်ဒရိုမာတီနက်ဇ်ကို ခွင့်ပြုလိုက်တာကြောင့် လီဆန်ဒရိုမာတီနက်ဇ်ဟာ နောက်တစ်ပတ် တနင်္လာနေ့ကျရင် အာဂျင်တီးနားအသင်းနဲ့ သွားရောက်ပူးပေါင်းမှာဖြစ်သလို ကော်စတာရီကာနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။
ဒီရာသီမှာ လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပြီး ရာသီအစပိုင်းက ခြေချောင်းရိုးကျိုးတဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရသလို ဘောလုံးပြန်ကစားနိုင်ချိန်မှာလည်း ဒူးအရွတ်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အတွက် လီဆန်ဒရိုမာတီနက်ဇ်က ၁၀ ပွဲသာ ကစားခဲ့ရပြီး ဒီလို ကြံ့ခိုင်မှုမပြည့်ဝသေးတဲ့ ကစားသမားကို လက်ရွေးစင်အသင်းမှာ ကစားခွင့်ပြုခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်ကတော့ အံ့အားသင့်စရာပါပဲ။