အာဆင်နယ် အကူအညီကြောင့် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အခြေအနေ ကောင်းသွားတဲ့ မန်ယူ

ဒီတပတ် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ ပွဲမှာ အာဆင်နယ်အသင်းက ပေါ်တိုကို နိုင်ကာ ကွာတားဖိုင်နယ် တက်ရောက်သွားတာကြောင့် လာမယ့်ရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်က ပိုမို အားကောင်းလာစေခဲ့ပါတယ်။

အာတီတာရဲ့ အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံး ၈ သင်းထဲ ပါဝင်သွားခဲ့တာကြောင့် အခြား အင်္ဂလန်ကလပ်တွေ ဖြစ်တဲ့ အက်စတွန်ဗီလာ၊ စပါး၊ ယူနိုက်တက်တို့ ယှဉ်ပြိုင်နေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဆိုင်မှုအပေါ် သက်ရောက်လာမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ကို ကလပ် ၃၆ သင်း ပါဝင် ယှဉ်ပြိုင်ရမှာ ‘European Performance Spots’ လို့ နာမည်ပေးထားတဲ့ ၂ နေရာ ထပ်မံ ပါဝင်ခွင့်ရမှာ ဖြစ်လို့ပါပဲ။

အဆိုပါနေရာကိုတော့ ဘောလုံးအဖွဲ့ချုပ်တွေ လက်အောက်က ကလပ်တွေ ဒီရာသီ ဥရောပပြိုင်ပွဲတွေမှ အကောင်းဆုံး စွမ်းဆောင်ရည် ရရှိမှုပေါ် မူတည်ပြီး ပေးအပ်မှာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်၊ နယူးကာဆယ်တို့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရသလို ပြီးခဲ့တဲ့အပတ်က ယူရိုပါလိဂ်၊ ယူရိုပါကွန်းဖရန့်တို့မှာ အင်္ဂလန်ကလပ်တွေ ရလဒ်မကောင်းတာကြောင့် coefficient point မှာ ပြိုင်ဘက် နိုင်ငံတွေထက် လျော့နည်းနေခဲ့တာပါ။

အာဆင်နယ်အသင်း နိုင်ပွဲရခဲ့တာကြောင့် ဒုတိယနေရာက ဂျာမနီနဲ့ ရမှတ် မကွာဟတော့ပါဘူး။ ဒါကြောင့် ပရီးမီးယားလိဂ် အဆင့် ၅ အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၁ နေရာအတွက် မျှော်လင့်ချက် အားကောင်းလာနေပါပြီ။

UEFA coefficient table

  • Italy – 16.571
  • Germany – 15.500
  • England – 15.000
  • France – 14.416
  • Spain – 13.812
  • Czech Republic – 13.000

အီတလီလိဂ်ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကလပ် ၅ သင်း ပါဝင်ရဖို့ ရေပန်းစားနေဆဲဖြစ်ကာ ကျန် ၁ နေရာကို ဂျာမနီနဲ့ အင်္ဂလန်လိဂ်တွေ လုရဖွယ် ရှိနေတာ ဖြစ်ပါတယ်။