တန်ဟက် ကို ထုတ်ချင်ပေမယ့် စည်းမျဉ်းတွေကြောင့် မလှုပ်သာ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ဟာ FFP ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် အသင်းနည်းပြ အဲရစ်တန်ဟက်ကို အိုးလ်ထရက်ဖို့ဒ်ကနေ ထုတ်ပယ်နိုင်ဖွယ် မရှိဘူးလို့သိရပါတယ်။
လက်ရှိအချိန်မှာတော့ တန်ဟက်ရဲ့လက်အောက်မှာ ယူနိုက်တက်ဟာ ရုန်းကန်ရတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၆ နေရာမှာသာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန The Times ရဲ့အဆိုအရ ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာ နယ်သာလန်သားနဲ့ နည်းပြဝန်ထမ်းတွေကို အသင်းကနေထုတ်ပယ်မယ်ဆိုရင်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကြုံတွေ့ရဖို့ရှိပြီး ထင်သလောက် မရိုးရှင်းဘူးလို့သိရပါတယ်။
အသက် ၅၄ နှစ်အရွယ် တန်ဟက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို ထောက်ပြခဲ့ပြီး ဆက်လက်သုံးစွဲနေမယ်ဆို FFP စည်းမျဉ်းတွေနဲ့ ငြိနိုင်တယ်လို့ ယူနိုက်တက်ကို သတိပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် တန်ဟက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်ခေါ်ယူမယ့်အရေးကို ရှောင်ရှားခဲ့တာဖြစ်ပါတယ်။
အသင်းရဲ့ပိုင်ရှင်အသစ် ဂျင်မ်ရက်ကလစ်ဖ်အနေနဲ့တော့ လာမယ့်နွေရာသီမှာ တန်ဟက်ကိုထုတ်ပယ်ပြီး မန်နေဂျာအသစ်ကို ခန့်အပ်ဖို့ကြိုးစားသွားမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာဖြစ်ပြီး ရက်ကလစ်ဖ်ဟာ ကစားသမားအသစ်တွေနဲ့ ဝန်ထမ်းသစ်တွေခေါ်ယူဖို့ ငွေကြေးတွေ အများအပြားသုံးစွဲသွားရဦးမှာဖြစ်ပါတယ်။
ယူနိုက်တက်အကြီးအကဲတွေဟာ နယူးကာဆယ်အသင်းရဲ့အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်ကိုခေါ်ယူဖို့အတွက် ကြိုးစားနေပြီး နယူးကာဆယ်ဘက်ကတော့ သူတို့ရဲ့အားကစားဒါရိုက်တာကို ပေါင် ၁၅ သန်းအထိ တန်ကြေးသတ်မှတ်ထားတာဖြစ်ပါတယ်။
တန်ဟက်ဘက်ကတော့ သူဟာ ဂျင်မ်ရက်ကလစ်ဖ်ရဲ့လေးစားမှုကို အပြည့်အဝရရှိတယ်လို့ခံစားနေရပြီး ပန်းတိုင်တွေနဲ့ စိတ်ကူးတွေလည်းတူညီနေတာကြောင့် အသင်းကနေ ထုတ်ပယ်ခံရဖို့မရှိဘူးလို့ ယုံကြည်နေပါတယ်။
သို့သော်လည်း တန်ဟက်အနေနဲ့ အသင်းကနေ ထုတ်ပယ်မခံရဖို့ သေချာချင်ရင်တော့ လာမယ့်နွေရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို အမိအရ ယူနိုင်ဖို့လိုအပ်ပါသေးတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၈ မှတ်အထိကွာဟနေတာဖြစ်ပါတယ်။
ဒါ့အပြင် တန်ဟက်ရဲ့အသင်းဟာ အဆင့် ၅ နေရာ တော့တင်ဟမ်နဲ့လည်း ၆ မှတ်အထိ ကွာဟနေပြီး တော့တင်ဟမ်က ပွဲကျန်တစ်ပွဲကစားဖို့ကျန်ရှိနေပါသေးတယ်။
လာမယ့်ရာသီကုန်မှာတော့ အင်္ဂလန်အသင်းရဲ့ အဆင့်သတ်မှတ်ချက်တွေက အီတလီ၊ ဂျာမနီတို့ထက် မြင့်မားနေရင်တော့ ပရီးမီးယားလိဂ်ဟာ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ၅ သင်းအထိ ခွင့်ပြုခံသွားရမှာဖြစ်ပြီး တန်ဟက်အနေနဲ့ အဆင့် ၅ နေရာရဖို့အတွက်တော့ သေချာပေါက်ကြိုးစားသွားဖို့လိုနေပါတယ်။