မန်ယူဘက်က ပြန်ပါလာမယ့် ကစားသမား နှစ်ဦးကို သတိထားရမှာ ဖြစ်ကြောင်း ပွဲကြိုမှာ ကလော့ပ် ထုတ်ဖော် ပြော

မန်ယူနဲ့ကစားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမှာ သတိထားရမယ့် ကစားသမား ၂ ယောက်အကြောင်းကို လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဖော်ထုတ် သတိပေးပါတယ်။

မနက်ဖြန် တနင်္ဂနွေနေ့မှာ လီဗာပူးက မန်ယူရဲ့ အိုးလ်ထရက်ဖို့ဒ်ကိုသွားပြီး အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် အဆုံးအဖြတ်ပွဲကို ကစားရပါတော့မယ်။

အိမ်ရှင် မန်ယူဟာ အဓိက တိုက် စစ်မှူးဖြစ်တဲ့ ရာမတ်စ်ဟွိုင်လန်းကို ကြွက်သားဒဏ်ရာကြောင့် ၃ ပွဲဆက်တိုက် ဆုံးရှုံးခဲ့ရ တာရှိပေမဲ့လည်း ဒိန်းမတ်လက်ရွေးစင်ကတော့ အခုသီတင်းပတ်ထဲမှာ လေ့ကျင့်ခန်း ပြန် ဆင်းနေပြီဖြစ်ပါတယ်။

ဟွိုင်လန်းဟာ ဒဏ်ရာမရခင် မန်ယူအတွက် ကစားပေးခဲ့တဲ့ ပရီး မီးယားလိဂ် ၆ ပွဲမှာ ၇ ဂိုးသွင်းပြီး ဖန်တီးမှု ၂ ကြိမ် လုပ်နိုင်ခဲ့သူပါ။

ဒါကြောင့် ဟွိုင်လန်း ပါလာတဲ့ မန်ယူဟာ မတူကွဲပြားမှုတွေ လုပ်နိုင်တယ်လို့ ကလော့ပ်က ပြောပြီး ဝမ်ဘစ် ဆာကာကိုလည်း သတိထားရမယ်လို့ ပြောပါတယ်။

“ဖြစ်နိုင်ရင်တော့ ဒီပွဲတွေကို ကျွန် တော် သဘောကျပါတယ်။ သူတို့ရဲ့ ဒီရာသီ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီး မသိပါဘူး။ ဒါပေမဲ့ ပွဲကောင်းတချို့ကို ကျွန်တော် ကြည့်ဖူးခဲ့တယ်။ အရည် အသွေးကောင်းတွေနဲ့ ဒဏ်ရာပြဿနာတွေလည်း တွေ့တယ်။

ဟွိုင်လန်းကတော့ ပြန်ပါ လာတော့မယ်။ ဝမ်ဘစ်ဆာကာလည်း ပါဖို့ နီးစပ်တယ်။ တကယ့်ကို မတူကွဲပြားတဲ့ ပုံစံမျိုး ဖြစ်လာပါတော့မယ်။ တနင်္ဂနွေနေ့ကျတော့ ကြည့်ကြတာပေါ့။ ဒီနေရာက သွားပြီး ကစား ဖို့အတွက် အမြဲတမ်း ခက်ခဲလွန်းတဲ့ နေရာပါ။”

“ဒါကို ကျွန်တော်တို့ သိတယ်။ ဒီပွဲက နှစ်ဖက် ပရိသတ်တွေအတွက် အဆုံးစွန်အထိ အရေးပါတယ်။ ဒါကို ကျွန်တော်တို့ နားလည်တယ်။ ကျွန်တော်တို့ ကွင်းထဲမှာ လုပ်အားနှုန်းနဲ့အတူ သက်သေပြမှာပါ။

ဒါပေမဲ့ ဘယ်လို ဖြစ်လာမလဲ ကျွန်တော်တို့ ကြိုမသိနိုင်ဘူး။ အာမခံချက်လည်း မရှိဘူး။ ဒါပေမဲ့ အခွင့်အရေးပဲ ပေးပါ။ ကျွန်တော်တို့ ကြိုးစားပါမယ်” လို့ ကလော့ပ်က မန်ယူနဲ့ ကစားမယ့် ပွဲအတွက် ပြောသွားခဲ့ပါတယ်။

ဒီပွဲ မတိုင်ခင် မန်ယူရဲ့ အားထားရတဲ့ နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ဒဏ်ရာကနေ ပြန်ပြီး သက်သာ လာပြီဖြစ်သလို တနင်္ဂနွေပွဲမှာ ဝင်ကစားနိုင်မယ့် အလားအလာမျိုး ရှိနေပါတယ်။