လီဗာပူးလ်ပွဲ မတိုင်ခင် သတင်းကောင်း ၃ ခုနဲ့ သတင်းဆိုး ၁ ခု ပိုင်ဆိုင်လိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက်
လီဗာပူးလ်နဲ့ရင်ဆိုင်ရမဲ့ FA ဖလားပွဲကြီးပွဲကောင်းမတိုင်ခင် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒဏ်ရာ သတင်းကောင်း ၃ ခုနဲ့ သတင်းဆိုး ၁ ခု ပေါ်ထွက်လာပါတယ်။
ဒီပွဲ မတိုင်ခင် အားထားရတဲ့ အဓိက ကစားသမား ၃ ဦး ဒဏ်ရာကနေ ပြန်လည်သက်သာလာတာကြောင့် ပြန်ပါဝင် ကစားနိုင်မှာက နည်းပြအဲရစ်တန်ဟက်အတွက် သတင်းကောင်းတွေ ဖြစ်စေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၀:၀၀ နာရီကျရင် FA ဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် မဟာပြိုင်ဘက် လီဗာပူးလ်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားရမှာဖြစ်ပြီး ယူနိုက်တက်အတွက် နောက်ဆုံးလက်ကျန်ဖလားမျှော်လင့်ချက် အဆုံးမသတ်ရအောင် ရုန်းကန်ရမှာဖြစ်ပါတယ်။
ဒီပွဲနဲ့အချိန်ကိုက်ဆိုသလိုပဲ မက်ဂွိုင်းယား၊ ဘစ်ဆာကာ၊ ဟွိုင်လန်းတို့ ဒဏ်ရာက ပြန်လာပြီဖြစ်လို့ ယူနိုက်တက်အတွက် အားတက်စရာပါပဲ။
၂၀၂၄ ခုနှစ်အတွင်း ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၇ ပွဲကစား၊ ၇ ဂိုးအထိ သွင်းယူခဲ့သူ ဒိန်းမတ်သား တိုက်စစ်မှူး ဟွိုင်လန်းဟာ လူတန်နဲ့ပွဲနောက်ပိုင်း ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး အခု အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။
နောက်ခံလူတွေဖြစ်ကြတဲ့ ဘစ်ဆာကာ၊ မက်ဂွိုင်းယားတို့ကလည်း လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်လို့ လီဗာပူးလ်နဲ့ပွဲမှာ သူတို့ ၃ ဦးပါဝင်ကစားနိုင်ဖို့ အဲရစ်တန်ဟက် မျှော်လင့်နေပါတယ်။
ဒါ့အပြင် ခြေသလုံးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတဲ့ ကွင်းလယ်လူ မေဆင်မောင့်ကလည်း လီဗာပူးလ်နဲ့ပွဲအတွက် လူစာရင်းမှာ ပါဝင်လာဖွယ် ရှိပါတယ်။
ဒါပေမယ့် ဒီပွဲမတိုင်ခင်မှာပဲ ကွင်းလယ် ကစားသမား ကာဆီမီရိုက ဒဏ်ရာ ရသွားခဲ့ကာ ဒီလထဲ ဘရာဇီး အသင်းနဲ့ ကစားဖို့ ရွေးချယ်ခံထားရတာကနေပါ နှုတ်ထွက်ခဲ့ရတာကြောင့် မန်ယူနဲ့ တန်ဟက် အတွက် ထိုးနှက်မှု သတင်းဆိုး တစ်ရပ် ဖြစ်ပါပတယ်။
ဒါ့အပြင် လီဆန်ဒရိုမာတီနက်ဇ်၊ လုခ်ရှော၊ မာလာစီယာ၊ မာစီယဲလ်တို့ကတော့ ဒဏ်ရာတွေနဲ့ အနားယူနေရဆဲဖြစ်ပါတယ်။