စီ ရော်နယ်ဒို လမ်းစဉ် လိုက်ချင်နေတဲ့ ဂနာချို နဲ့ ၎င်းကို ရေဒါထဲ ထည့်ထားပြီ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်
မန်ချက်စတာ ယူနိုက်တက် အသင်း တောင်ပံ ကစားသမားလေး ဂနာချို တစ်ယောက် ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ ကစားခွင့်ရဖို့ အိမ်မက်မက်နေသလို ရီးရဲလ်ဥက္ကဌ ပီးရက်ဇ်ကိုယ်တိုင်ကလည်း ဂနာချိုကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သတင်း ထွက်ပေါ်နေပါတယ်။
မန်ယူအသင်းနဲ့ ပြီးခဲ့တဲ့ ဧပြီလကမှ ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတဲ့ ဂနာချိုဟာ လက်ရှိရာသီ အထူးတောက်ပနေသူ တစ်ယောက်ဖြစ်ပြီး တစ်နေ့နေ့ တစ်ချိန်ချိန် စီ ရော်နယ်ဒိုရဲ့ လမ်းစဉ်အတိုင်း ရီးရဲလ် အသင်းထံ ပြောင်းရွှေ့ ကစားလိုနေပါတယ်။

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် အကြိမ် ၂၀ အထိ ပါဝင်ခွင့် ရရှိလာနေတဲ့ ဂနာချိုဟာ ဈေးကြီးပေးဝယ်ခဲ့ရတဲ့ အန်တိုနီထက် ပိုမို အရေးပါတဲ့ စွမ်းဆောင်ရည်တွေ ပြသနေပြီး အသင်းအတွက် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးထားပါတယ်။
နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းများအရ ဂနာချိုဟာ ရီးရဲလ်အသင်းထံ သွားရောက် ကစားဖို့ ဆန္ဒပြင်းပြန်နေပြီး ရီးရဲလ် မက်ဒရစ် အသင်းကလည်း လူငယ်တွေနဲ့ အသင်းကို ပြုစုပျိုးထောင်နေတာကြောင့် ဂနာချိုတို့လို လူငယ်ကြယ်ပွင့်တွေက ၎င်းတို့အတွက် မျက်စိကျစရာ ဖြစ်လာနေတာ တွေ့ရပါတယ်။
ဒါကြောင့် ဂနာချို တစ်ယောက် တကယ်ပဲ အိုးထရက်ဖို့ဒ်ကို ကျောခိုင်းပြီး သူ့ အိပ်မက်ကို အကောင်အထည် ဖော်ဦးမှာလား စောင့်ကြည့်ချင်စရာ ဖြစ်လာနေပါတယ်။