ပြိုင်ဘက် အာဆင်နယ် အသင်းသား အပါအဝင် သရဲနီကြယ်ပွင့်လေး မိုင်နူး အထင်ကြီးအားကျတဲ့ ကစားသမား ၂ ဦး

သရဲနီ လူငယ် ကြယ်ပွင့်လေး ကိုဘေး မိုင်နူး ဟာမန်ချက်စတာ ယူနိုက်တက် စီနီယာ အသင်းနဲ့ အတူ ပွဲထွက် ကစားအပြီး ၁၁၄ ရက် အကြာမှာပဲ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ရွေးချယ် ခေါ်ယူခံရပြီ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ဆယ်ကျော်သက် တိုက်စစ်သမားလေးဟာ ကွင်းလယ်မှာ အရွယ်နဲ့ မမျှအောင် တည်ငြိမ်စွာ ခြေစွမ်းကောင်းတွေ ပြသနေပြီး လတ်တလော လီဗာပူးနဲ့ အက်ဖ်အေဖလားပွဲမှာ ဘောလုံးပရိသတ်တွေ အားလုံးကို အထင်ကြီးစေခဲ့ပါတယ်။

မိုင်နူးဟာ နိုင်ငံတူ အသင်းဖော် ဖြစ်သလို၊ ကလပ် ပြိုင်ဘက် အာဆင်နယ် အသင်း တိုက်စစ်သမား ဘူကာယို ဆာကာ ကို အတော် အထင်ကြီး သဘောကျသူလည်း ဖြစ်ပါတယ်။

လတ်လော အင်တာဗျူးမှာ အသက် ၁၈ နှစ် အရွယ် မိုင်နူးက အင်္ဂလန် အသင်းမှာ ဆာကာရဲ့ ခြေရာနင်းကာ အစွမ်းပြချင်တဲ့ အကြောင်း ဖွင့်ဟ ပြောဆိုထားပါတယ်။

” ကျွန်တော် သေချာပေါက် ဆာကာနဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်တို့ရဲ့ ခြေရာကို နင်းချင်၊ လိုက်မှီချင်တာပါ။ သူတို့က သိပ်ကို အံ့သြစရာ ကောင်းပါတယ်။ သူတို့ တက်လာတာ၊ နေရာ တစ်ခု မြန်မြန်ယူနိုင်ခဲ့ကြတာ အံ့ဖွယ်ပါ။ နှစ်ယောက်လုံးကလည်း တကယ့် ကစားသမားကောင်းတွေ ဖြစ်ပါတယ်။ ” လို့ မိုင်နူးက ပြောဆိုထားတာ ဖြစ်ပါတယ်။

အင်္ဂလန် နည်းပြ ဆောက်ဂိတ်ဟာ အစောပိုင်းက မိုင်နူးကို အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ခေါ်ဖို့ စောသေးတယ် ဆိုခဲ့သေးပေမယ့် လီဗာပူးနဲ့ ပွဲက ခြေစွမ်းကို မြင်ပြီးနောက် သရဲနီ လူငယ်လေးကို သူ့အသင်းအတွက် ရွေးချယ် ခေါ်ယူခဲ့တာပါ။