မန်ယူကနေ ထုတ်ခံရရင် ဘယ်အသင်းသွားမယ် စိတ်ကူးရှိပြီးသား ဖြစ်နေတဲ့ နည်းပြ တန်ဟက်
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ ရာထူးက အထုတ်ခံခဲ့ရရင် အသင်းသစ်အဖြစ် ဘယ် အသင်းကို သွားမလဲဆိုတာ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေ မတည်မငြိမ်ဖြစ်မှုနဲ့အတူ အဲရစ်တန်ဟက် အနာဂတ်ကလည်း မသေချာတော့ပါဘူး။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲအထိရှုံးပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေတာကြောင့် လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရာခိုင်နှုန်းနည်းနေသလို နောက်ဆုံးဖလား မျှော်လင့်ချက်အဖြစ် FA ဖလားတစ်ခုသာ ကျန်ပါတော့တယ်။
ဒီလိုအနေအထားတွေကြောင့် ‘ဆာ’ဂျင်ရက်ကလစ်ဖ်က အဲရစ်တန်ဟက်ဟာ ယူနိုက်တက်အသင်းကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် ပို့ဆောင်နိုင်မဲ့ နည်းပြ မဟုတ်ဘူးလို့ ယူဆနေကြပြီး ဘရေးစ်ဖော့ဒ်နဲ့ မကြာခင် အားကစားဒါရိုက်တာဖြစ်လာဖို့ရှိနေတဲ့ ဒန်အက်ရှ်ဝေ့ါသ်တို့က တန်ဟက်ကို ရာထူးက ထုတ်ဖြစ်ရင် ဆောက်ဂိတ်နဲ့ အစားထိုးချင်နေပါတယ်။
အခု ဂျာမန်လူမျိုး ဂျာနယ်လစ်တစ်ဦးဖြစ်သူ ခရစ္စရှန်ဖော့ခ်က အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နဲ့လမ်းခွဲဖြစ်ရင် သူ့အိပ်မက်ကလပ်အသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။
Sport Bild သတင်းစာနဲ့ အင်တာဗျူးမှာ ခရစ္စရှန်ဖော့ခ်က အဲရစ်တန်ဟက်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ဖို့ အရင်တည်းက စိတ်ကူးအိပ်မက်ခဲ့တာဖြစ်တယ်ဆိုပြီး ဆိုခဲ့ပါတယ်။
အဲရစ်တန်ဟက်ဟာ နည်းပြဘဝအစပိုင်းက ဘိုင်ယန်မြူးနစ် II အသင်းကို ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အထိကိုင်တွယ်ခဲ့ပြီး ၂၀၁၃-၁၄ ရာသီမှာ စတုတ္ထတန်းချန်ပီယံ(Regionalliga Bayern)ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အဲဒီကာလအတွင်း အဲရစ်တန်ဟက်ဟာ ဘိုင်ယန်မြူးနစ်စီနီယာအသင်းနည်းပြ ဂွါဒီယိုလာဆီကနေ ပညာသင်ယူခဲ့ရပြီး ဘိုင်ယန်မြူးနစ် II နဲ့လမ်းခွဲပြီးနောက်ပိုင်း အူထရက်ချ်၊ အေဂျက်စ်နဲ့ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။