ဆေးအဖွဲ့ကနေ တဆင့် ဂန်းနားတို့ မန်ချက်စတာ ယူနိုက်တက်ကို အကွက်ကျကျ ချောက်ချနေတာလား

ပြီးခဲ့တဲ့အပတ် လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမတိုင်ခင်မှာ မန်ယူ ကွင်းလယ် ကစားသမား ကာဆီမီရို က တံကောက်ကြောနေရာမှာ နာကျင်မှုခံစားနေရတယ်လို့ သတင်းထွက်လာပါတယ်။

ကာဆီမီရို ဟာ မန်ချက်စတာယူနိုက်တက်ဆေးအဖွဲ့ကို အကြံတောင်းဖို့ ရောက်လာခဲ့ပေမယ့်လည်း ဆရာဝန်တွေက ဘာပြဿနာမှမရှိဘဲ အေးဆေး ကစားလို့ရတယ်လို့ ပြန်လည် ပြောဆိုခဲ့တာဖြစ်ပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအပြီးမှာတောင် ကာဆီမီရို က နာကျင်မှုကို ခံစားနေရသေးတာကြောင့် သေချာအောင် လာလီဂါတုန်းက ပြနေကျ ဆရာဝန်နဲ့ ပြဖို့ ဘာစီလိုနာကို သွားရောက်ခဲ့ပါတယ်။

ဘာစီလိုနာက ဆရာဝန်ဟာ ကက်စမီရိုရဲ့တံကောက်ကြောမှာ ပြဿနာရှိနေတာကို တွေ့ရှိခဲ့တာကြောင့် ဆက်ပြီးသာ ကစားဖို့ ကြိုးစားမယ်ဆိုရင် ပြင်းထန်တဲ့ ဒဏ်ရာကို ရရှိသွားနိုင်ပြီး ခွဲစိတ်ကုသမှုခံယူရရင် ရာသီကုန်တဲ့အထိ နားရဖို့ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ကာဆီမီရို ဟာ အဲဒီသတိပေးစကားကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့ပြီး နည်းပြအဖွဲ့ကို အသိပေးခဲ့တာကြောင့် တန်ဟက်က ဘရာဇီးလ်ကွင်းလယ်လူကို လီဗာပူးလ်နဲ့ပွဲမှာ အနားယူခွင့်ပေးခဲ့ပြီး ရီးရဲလ်ကြယ်ပွင့်ဟောင်းဟာ လက်ရွေးစင်လူစာရင်းကနေလည်း နှုတ်ထွက်ခဲ့ရပါတယ်။

ဒါဟာ မန်ချက်စတာယူနိုက်တက်ဆေးအဖွဲ့က အမှားလုပ်တာ ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ ဒီနှစ်အစောပိုင်းတုန်းကလည်း ဆရာဝန်တွေဟာ တိုင်ရဲ မာလာစီယာ ပြန်လည်သက်သာလာပြီဆိုပြီး ကြေညာခဲ့ပြီး တန်ဟက်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့ပါသေးတယ်။

မာလာစီယာ မကစားနိုင်မှန်းသိတော့မှ တော့တင်ဟမ်ဟော့စပါးကနေ ရက်ဂီလွန်ကို အသည်းအသန် ခေါ်ခဲ့ရပြီး စပိန်နောက်ခံလူ အသင်းကနေ ထွက်သွားတဲ့အချိန်အထိ မာလာစီယာက လေ့ကျင့်ရေးတောင် ပြန်မဆင်းနိုင်သေးတဲ့အထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။

လုခ် ရှောကလည်း ဒဏ်ရာပြန်ရသွားတာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီမှာ ဘယ်နောက်ခံကစားသမားစစ်စစ် မရှိဘဲ ရုန်းကန်ခဲ့ရပြီး အခုလည်း ကက်စမီရိုကို ရာသီကုန်အထိ ဆုံးရှုံးရနိုင်တဲ့အမှားမျိုး ထပ်မံ ကျူးလွန်ခဲ့ပြန်တာဖြစ်ပါတယ်။

လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်း၏ လက်ရှိ အားကစားဆေးပညာ အကြီးအကဲဖြစ်သူ ဒေါက်တာ ဂယ်ရီ အိုဒရစ္စကောဟာ ၂၀၀၈ ခုနှစ်မှာ ကလပ်အသင်း ဆရာဝန်အဖြစ် အာဆင်နယ်အသင်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့သူပါ။

၎င်းက ၂၀၁၇ မှာ အာဆင်နယ်အသင်း အားကစားဆေးပညာ၏အကြီးအကဲအဖြစ် ရာထူးတိုးကာ ပြီးခဲ့တဲ့ ရာသီအထိ အာဆင်နယ်အသင်းမှာ လုပ်ကိုင်ခဲ့တဲ့ သက်တော်ရှည် ဆရာဝန်ကြီး တစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ ၁၅ နှစ်တာလုပ်ကိုင်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးပဲ ဒေါက်တာ ဂယ်ရီ အိုဒရစ္စကော တစ်ယောက် မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့မည်ဖြစ်သောသတင်းကို ကြားပြီး အတော်များများ အံ့သြမိခဲ့ကြပါတယ်။

ဂယ်ရီ အိုဒရစ္စကောဟာ ၂၀၂၀ ခုနှစ်က လီဗာပူးလ်အသင်းက ခေါ်ယူခဲ့စဉ်က ငြင်းပယ်ခဲ့ပြီး မန်ယူနိုက်တက်အသင်းက ခေါ်ယူချိန်မှာတော့ လက်ခံခဲ့ပြီး ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

၎င်းက မန်ယူနိုက်တက် အမာခံ ပရိသတ်တစ်ဦးဖြစ်တဲ့ အိုင်ယာလန် ရပ်ဘီအသင်းခေါင်းဆောင်ဟောင်း ဘရိုင်ယန် အိုဒရစ္စကော ၏ ဝမ်းကွဲ ညီအစ်ကိုတော်စပ်သူဖြစ်ပြီး ဘရိုင်ယန်ကြောင့် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာတာလို့ သတင်းအချို့က ဖော်ပြခဲ့ကြပါတယ်။

ဒါပေမယ့် အခုလို ကာဆီမီရို လို ဖြစ်ရပ်များဖြစ်လာသည့်နောက် သရဲနီပရိသတ်များက ဆေးအဖွဲ့ကို အပြစ်တင်လာရုံသာမက အာဆင်နယ်အသင်းအနေဖြင့် မန်ယူနိုက်တက်အသင်းကို ဒုက္ခပေးဖို့ အကွက်ကျကျ ချောက်ချလွှတ်လိုက်တာလား သံသယပွားနေကြပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ သက်တော်ရှည် ဆေးအဖွဲ့အကြီးအကဲကိုမှ ခေါ်ယူခန့်ခဲ့တဲ့ ယူနိုက်တက် ဘုတ်အဖွဲ့ကိုလည်း အပြစ်တင်နေကြပါတယ်။