မန်ယူ နည်းပြသစ် ဖြစ်လာဖို့ ချက်ချင်းကြီး သတင်းကြီးလာတဲ့ အပေါ် ဂါရတ်ဆောက်ဂိတ် တုန့်ပြန်ပြီ

အင်္ဂလန် အသင်း နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာ ယူနိုက်တက်နည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေမှုအပေါ် တုံ့ပြန် ပြောဆိုမှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။

အသက် ၅၃ နှစ်ရှိ အင်္ဂလန်နည်းပြဟာ ယခုနွေရာသီတွင် အင်္ဂလန်အသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကိုင်တွယ်ပြီးပါက ယူနိုက်တက်အသင်းကို ကိုင်တွယ်မယ်လို့ သတင်းထွက်နေပါတယ်။

အိုးထရက်ဖို့ဒ်တွင် တာဝန်ထမ်းဆောင်မယ်လို့ သတင်းထွက်နေမှုနှင့်ပတ်သက်ပြီး မေးမြန်းခံလာရချိန်မှာတော့ ဆောက်ဂိတ်က ယူရို ၂၀၂၄ ပြိုင်ပွဲအပေါ်မှာသာ အပြည့်အဝ အာရံစိုက်နေကြောင်း ပြောကြားလာပါတယ်။

ဆောက်ဂိတ်က “ဘယ်သူနဲ့မျှ စကားမပြောဖို့ သေချာတယ်။ ဘယ်တော့မှလည်း ဆွေးနွေးမှာ မဟုတ်ဘူး။ ဒီအလုပ်မှာ လုပ်လာတာ ၈ နှစ်ရှိပြီ။ အလုပ်တစ်ခု ရှိထားစဉ်မှာ ဘယ်အလုပ်အတွက်မျှ မဆွေးနွေးခဲ့ဘူး။ ဒီတော့ မင်းမေးခွန်းကို ငါ မသိဘူး။ အခု ဥရောပတံခွန်စိုက်ပြိုင်ပွဲအတွက်ပဲ အာရုံစိုက်နေတယ်။

စာချုပ်တစ်ခု ရှိထားချိန်မှာ အခြားအလုပ်တစ်ခုနဲ့ စာချုပ်ချုပ်လိုက်မယ်ဆိုရင် ဒီအလုပ်ကို အာရုံစိုက်လုပ်နေသလားလို့ မေးခွန်းထုတ်ခံရမှာပဲလေ။ အခု အမြင် ၂ ခုရှိတယ်။ ပထမအမြင်က အင်္ဂလန်မန်နေဂျာအလုပ်ပါ။ ဒီအလုပ်အတွက်ပဲ အာရုံစိုက်တယ်။ ရှင်းရှင်းလေးပဲ။

အခု တစ်ပတ်မှာ နှစ်ပွဲကစားရမယ်။ ဒုတိယကိစ္စကတော့ အခုအချိန်မှာ မန်ချက်စတာယူနိုက်တက်မှာလည်း မန်နေဂျာရှိပြီးသားပါ။ နေရာတစ်ခုမှာ မန်နေဂျာရှိနေတဲ့အချိန်မှာ ဒီလို ကောလာဟာလထွက်ပေါ်နေတာ မလေးမစားရာရောက်ပါတယ်။ ကျွန်တော်က လိဂ်မန်နေဂျာဥက္ကဌတစ်ယောက်ပါ။ ဒီလိုကိစ္စကို ဖြေရှင်းနေဖို့ အချိန်မရှိပါဘူး”လို့ ပြောကြားသွားပါတယ်။

တဖက်တွင် Sky Sports ရဲ့ ဖော်ပြမှုအရ ယူနိုက်တက်မှာလည်း နည်းပြအဲရစ်တန်ဟက်ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး တိကျပြတ်သားစွာ ဆုံးဖြတ်ချက် မချရသေးကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ လတ်တလောမှာ လာမယ့် ရာသီမှာ ဒတ်ချ်လူမျိုးနည်းပြနှင့်ပဲ တွဲအလုပ်လုပ်ရန် စီစဉ်ထားပါတယ်။ ဒါပေမဲ့ ရာသီအကုန်တွင် အသင်းရလဒ်အပေါ် မူတည်ကာ အပြောင်းအလဲတော့ ဖြစ်လာနိုင်ပါသေးတယ်။