မန်ယူ အသင်းဖော် တစ်ဦးကို ပွဲထွက်ခွင့် ပိုပေးဖို့ နည်းပြတန်ဟက်ထံ ဟွိုင်လန်း ထုတ်ဖော် တောင်းဆို
မန်ယူအသင်း တိုက်စစ်မှူး ဟွိုင်လန်း ကတော့ ၎င်းရဲ့ လက်ရွေးစင် အသင်းဖော် အဲရစ်ဆင်ကို ပွဲထွက်ခွင့် ပိုပေးဖို့ နည်းပြ တန်ဟတ် ကို တိုက်တွန်းသွားခဲ့ပါတယ်။
လက်ရှိရာသီ လူငယ်ကစားသမားလေး မိုင်နူး ရဲ့ ပွဲထွက်ခွင့် လုယူခံရမှုကြောင့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံး နေရတဲ့ အဲရစ်ဆင် ကိုယ်တိုင်က ၎င်းရဲ့ လက်ရှိ ပွဲထွက်ခွင့် အနေအထားကို ပျော်ရွှင်ခြင်းမရှိကြောင်း ဖွင့်ဟထားသူ တစ်ယောက်ဖြစ်ပြီး ရာသီကုန် အသင်းပြောင်းရွှေ့ဖို့အထိ စဉ်းစားနေပါတယ်။

ဟွိုင်လန်း က “ ကျွန်တော်ကိုယ်တိုင်လည်း ကိုပင်ဟေဂင်နဲ့ပွဲတုန်းက အရံခုံပေါ် ထိုင်ခဲ့ရဖူးပါတယ်၊ အဲ့တော့ ဒီခံစားချက်ကို ကောင်းကောင်း နားလည် သဘောပေါက်ပါတယ်၊ အဲရစ်ဆင်ကတော့ ထိပ်တန်း ကစားသမားတစ်ယောက်ဆိုတော့ ပိုဆိုးမှာပေါ့။
ကျွန်တော်တို့ အားလုံး ပွဲထွက်ခွင့် ပုံမှန်လိုချင်ကြသလို သူလည်းပဲ ပုံမှန်ကစားချင်နေမှာပါ၊ သူက ကောင်းကောင်းလေ့ကျင့်နေသူ တစ်ယောက်ဖြစ်သလို အားလုံးကို အကောင်းမြင်စိတ်ရှိနေသူ တစ်ယောက်ပါ၊ သူက တော်တော်လေးကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမားတစ်ယောက်ပါ။
ဒါပေမယ့် ကစားသမားတစ်ယောက် ပွဲထွက်ခွင့် ရမရ ဆိုတာက နည်းပြအပေါ်မှာပဲ မူတည်နေပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ပြန်လည် ကစားရမှာ ဖြစ်ပြီး ဘရန့်ဖို့ဒ်ကတော့ မန်ယူအသင်းထံ အဲရစ်ဆင် ပြောင်းရွှေ့မလာခင် နောက်ဆုံး ကစားခဲ့တဲ့ အသင်းဖြစ်ပါတယ်။