လာမယ့်ရာသီမှာ ယူရိုပါကွန်ဖရင့်လိဂ် ထိ ဆင်းကစားရဖွယ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ကလပ်နှစ်ခုကို ပိုင်ရှင်တစ်ဦးတည်းက ပိုင်ဆိုင်နေမှုနှင့်အတူ လာမယ့် ရာသီမှာ ဥရောပ တတိယတန်းပြိုင်ပွဲထိ ဆင်း ကစားရဖွယ် ရှိနေပါတယ်။
ယူအီးအက်ဖ်အေဟာ ပိုင်ရှင်တစ်ဦးတည်းက ကလပ်များစွာ ပိုင်ဆိုင်မှုစည်းမျဉ်းကို အပြောင်းအလဲ ပြုလုပ်ပေးရန် ငြင်းဆိုထားပါတယ်။

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ပိုင်ရှင်တစ်ဦးတည်း လက်အောက်ရှိ ကလပ်နှစ်ခုလုံးက တူညီတဲ့ ပြိုင်ပွဲတစ်ခုတည်းတွင် ပြိုင်ခွင့်မရရှိဘဲ ကွဲပြားတဲ့ ပြိုင်ပွဲသာ ဝင်ခွင့်ပေးပါတယ်။
ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်တဲ့အပြင် ပြင်သစ်လီဂူး ၁ ကလပ် နိုက်စ် အသင်းကိုလည်း ပိုင်ဆိုင်ပါတယ်။
နိုက်စ်မှာ လာမယ့် ရာသီမှာ ယူနိုက်တက် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ ပြိုင်ပွဲကို ပြိုင်ခွင့် ရရှိလာမှာ မဟုတ်ပါဘူး။
ယူနိုက်တက်ဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ ယခုရာသီ အင်္ဂလိပ်ကလပ်များရဲ့ ဥရောပပြိုင်ပွဲ စွမ်းဆောင်ရည်အပေါ် မူတည်ကာ လာမယ့် ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ၅ သင်းအထိ ရရှိလာနိုင်ပါတယ်။
နိုက်စ်ဟာ ယခုရာသီအစောပိုင်းတုန်းက ရလဒ်ကောင်းများ ရရှိမှုနှင့်အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အခြေအနေကောင်းခဲ့ပေမဲ့ နောက်ဆုံး ၇ ပွဲတွင် နိုင်ပွဲ ၁ ပွဲတည်းသာ ရရှိကာ အဆင့် ၅ နေရာသို့ ဆင်းထားရပါတယ်။
ယူနိုက်တက်နှင့် နိုက်စ်တို့ဟာ လက်ရှိ အဆင့်အတိုင်း ရာသီသိမ်းပါက လာမယ့် ရာသီမှာ ယူရိုပါလိဂ် ဝင်ခွင့်သာ ရရှိပါမယ်။
ဒါပေမဲ့ စည်းမျဉ်းအရ အဆင့် ၅ နေရာမှာ ရပ်တည်တဲ့ နိုက်စ်က ယူရိုပါလိဂ်ဝင့်ခွင့်ရရှိမှာ ဖြစ်ပြီး အဆင့် ၆ ရရှိတဲ့ ယူနိုက်တက်မှာ ယူရိုပါလိဂ်ဝင်ခွင့်မရဘဲ ယူရိုပါကွန်ဖရင့်လိဂ်သို့ ဆင်းကစားရပါမယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ လက်ကျန်ပွဲတွေမှာ ရသလောက် အမှတ်ယူကာ အဆင့် မြင့်မြင့် ရဖို့ ရုန်းရတော့မှာပါ။